စစ်အာဏာသိမ်းစဥ်ကတည်းက ဖမ်းဆီးအကျဥ်းချထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံက အနောက်နိုင်ငံသံရုံးတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တစ်နိုင်ငံလုံးက ထောက်ခံအားပေးသူတွေက လွတ်မြောက်ရေးနဲ့ အမှတ်တရ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံ အင်ဒိုပစိဖိတ်ဆိုင်ရာ ဝန်ကြီး ဆီမားမဟော်သဓာ (Seema Malhotra) က “ဒေါ်အောင်ဆန်းစုကြည် ဟာ သူရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ အားလုံးနဲ့ အဆက်အသွယ်များဖြတ်တောက်ခံထားရပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်အစိုးရအနေနဲ့ တောင်းဆိုကြောင်း”လည်း ဗြိတိန်သံရုံးနဲ့ သူ့ရဲ့ လူမှုစာမျက်နှာ X ကတဆင့်လည်း ထုတ်ပြန်ပြောကြားပါတယ်။
အလားတူ သြစတေးလျ၊ ဆွစ်ဇာလန်နဲ့ ဥရောပသမဂ္ဂ (EU) သံရုံးတွေကလည်း ၈၁ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြေညာထုတ်ပြန်တောင်းဆိုထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြား မတရားထိန်းသိမ်းထားခံရသူများကို လွှတ်ပေးဖို့ ဒေါ်အောင်ဆန်း စုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ဩစတြေးလျက ထပ်မံတောင်းဆိုကြောင်း၊ မိသားစု၊ ဥပဒေအကြံပေး အဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ကြောင်း၊ သြစတေလျအစိုးရအနေနဲ့ မြန်မာ ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်သည့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းပါကြောင်း” သြစတေလျသံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ အသက်အန္တရာယ်အပေါ် စိုးရိမ်စရာတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံရေးအကျဥ်းသား အားလုံးလွတ်မြောက်ရေးကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အဲဒီကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အာဏာသိမ်း စစ်အုပ်စုက ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ထားတာ ၅ နှစ်ကျော် ရှိလာပြီဖြစ်ကြောင်း၊ သူမရဲ့ လက်ရှိအခြေအနေအပေါ်မှာ သက်ရှိထင်ရှားရှိမှုကို ခိုင်လုံစွာ အတည်ပြုနိုင်ခြင်းမရှိတာ၊ မည်သည့်နေရာမှာ ရှိနေတယ်ဆိုတာကို မသိရတာ၊ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မရတာတွေဟာ အလွန်အမင်း စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ CRPH နဲ့ NUG က ထောက်ပြထားပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်နေတာ ချက်ချင်းရပ်ပါ။ အဓမ္မ စစ်သားစုဆောင်းတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပါ။ ဦးဝင်းမြင့်သည်သာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်ပါတယ်။ နှင်းဆီလူထုလှုပ်ရှားမှုမှာ အားလုံးပါဝင်ကြပါ။” တိုက်တွန်းထားပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက်မွေးနေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကလည်း နိုင်ငံရေးသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို အခြေခံတဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ တော်လှန်ရေးအင်အားစုအားလုံး လက်တွဲဆောင်ရွက်သွား မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်ခန့်အစိုးရနဲ့ စစ်အာဏာပိုင်တွေကတော့ ပြည်တွင်းမှာ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ လူမှုကွန်ရက်တွေမှာရော လက်တွေ့ပြင်ပမှာပါ မပြုလုပ်နိုင်အောင် လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ စောင့်ကြည့်နေပါတယ်။
ဒီမွေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ဖို့ မြန်မာလူထုလှုပ်ရှားမှုပလက်ဖောင်းအဖွဲ့ (People Movement Platform Myanmar) က တိုက်တွန်းထားတဲ့အတိုင်း လူမှုကွန်ရက်နဲ့ စစ်အာဏာ သက်ရောက်မှု မရှိတဲ့ဒေသတွေမှာ ဆန္ဒပြပွဲတွေ တောင်းဆိုတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလှုပ်ရှားမှုဟာ နှင်းဆီပန်း သို့မဟုတ် ရရှိနိုင်တဲ့ ပန်းတွေကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန် ဝေငှတာ၊ လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတင်တာနဲ့ မြေပြင်လှုပ်ရှားမှုတွေမှာ ကိုင်ဆောင်တာတွေ ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုရေးတို့ ဖြစ်တယ်လို့ လှုပ်ရှားသူတွေက ဆိုပါတယ်။
မြန်မာလူထုလှုပ်ရှားမှုပလက်ဖောင်းအဖွဲ့ဟာ ပြည်တွင်း၊ ပြည်ပ သပိတ်အင်အားစုတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရောက် မြန်မာအစုအဖွဲ့တွေ စုဖွဲ့ထားတဲ့ လှုပ်ရှားမှုကွန်ရက်တစ်ခုဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။
