ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး AAPP တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး စစ်အုပ်စုကို ဖိအားပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ သက်ဆိုင်သူအားလုံးကို တိုက်တွန်း။

စစ်တပ်က ဖမ်းဆီးအကျဉ်းချပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို အတည်ပြုပေးဖို့နဲ့ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီးနောက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ တိကျသေချာတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့သလို သက်ဆိုင်သူတွေက တောင်းဆိုတဲ့ အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို အမြဲပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်တွေနဲ့ ချက်ခြင်းတွေ့ခွင့်ပြုဖို့၊ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ကြန့်ကြာမှုမရှိဘဲ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူတွေနဲ့ စစ်ဆေးအကဲဖြတ်နိုင်ဖို့ကိုလည်း AAPP က ထည့်သွင်းတောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးအတွက် လိုအပ်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုပြီး စစ်အုပ်စုကို ဖိအားပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံနိုင်ငံတကာအစိုးရတွေ၊ ပြည်တွင်းအင်အားစုတွေနဲ့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း ထုတ်ပြန်ပေးဖို့ အရေးကြီးပြီး ဒီအတွက် ဖမ်းဆီးထားတဲ့ စစ်အုပ်စုမှာ အပြည့်အ၀တာဝန်ရှိတယ်လို့ AAPP တာဝန်ရှိသူ ဦးအောင်မျိုးကျော်က ပြောပါတယ်။

“လူတစ်ယောက်ကို ဖမ်းထားတယ်ဆိုလို့ရှိရင် အဲဒီလူရဲ့ ကျန်းမာရေး လုံခြုံရေး အစစအရာရာအားလုံးကို ဖမ်းထားတဲ့သူက တာဝန်ယူရတာ ဖြစ်တယ်။ မိသားစုနဲ့တွေ့ခွင့်က ဥပဒေအရကို ရှိပြီးသား။ အဲဒီဟာကို အကြမ်းဖက် စစ်အုပ်စုက လုံး၀ ဘယ်သူနဲ့မှ ပေးမတွေ့ဘူး။ သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း အများပြည်သူသိရှိအောင် ထုတ်ပြန်တာမရှိဘူး။ အဲဒီအခါမှာ အကုန်လုံးက စိတ်ပူနေရတယ်။ ကျွန်တော်တို့ ခေါင်းဆောင် သက်ရှိထင်ရှားမှ ရှိသေးရဲ့လား ကျန်းမာရေးမှ ကောင်းသေးရဲ့လား ဆိုတာက ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးအပြင် နိုင်ငံတကာကပါ စိတ်ပူနေရတယ်။ ကျွန်တော်တို့တောင် စိတ်ပူနေတယ်ဆိုရင် သူ့ရဲ့ မိသားစုဝင်ဖြစ်တဲ့ သူ့သားတွေအနေနဲ့ ဘယ်လောက်အထိ စိတ်ပူနေမလဲဆိုတာ အားလုံးခံစားပေးလို့ ရတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည့်နဲ့ ပတ်သက်လို့ Proof of Life campaign က ကမ္ဘာလုံးဆိုင်ရာ campaign ပုံစံ ပြုလုပ်ရတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာကို သေသေချာချာထုတ်ပြန်ဖို့လိုတယ် အဲဒါက ဖမ်းထားတဲ့သူတွေမှာ တာဝန်ရှိတယ်”

စစ်တပ်ခန့် အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်ဆီ ပြောင်းရွှေ့အကျဉ်းချထားတယ်လို့ ထုတ်ပြန်ထားပေမဲ့ ဘယ်မြို့က ဘယ်နေအိမ်ကို ပြောင်းရွှေ့အကျဥ်းချထားသလဲဆိုတာ အတိအကျထုတ်ပြန်ထားတာ မရှိပါဘူး။

ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကစလို့ အခု ၂၀၂၆ ခုနှစ်အထိ သူ့ရဲ့ နိုင်ငံရေးခရီး ၃၈ နှစ်အတွင်းမှာ နှစ်ပေါင်း ၂၀ ကျော်က အကျဉ်းစံဘ၀နဲ့ ဖြတ်သန်းခဲ့ရပြီး လက်ရှိမှာလည်း ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားရပါတယ်။

AAPP ရဲ့ ဇွန်လ ၁၈ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးနဲ့ဆက်စပ်တဲ့ လူပေါင်း နှစ်သောင်းကျော် (၂၂,၂၁၀ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။