ရန်ကုန်တိုင်းမှာ HIV လူနာ ခုနစ်သောင်းကျော်ရှိနေ ပြီး ART (Antiretroviral Therapy) ဆေးပေးဌာနတွေနဲ့ ခုခံအားကျ၊ ကာလသား ရောဂါတိုက်ဖျက်ရေးဌာန ၆၂ ခုကနေ ဆေးဝါးတွေ အခမဲ့ပေးနေတယ်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဩဂုတ်လ ၃၁ ရက်နေ့က ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံပိုင်က HIV လူနာတွေအတွက် ART ဆေးဝါးတွေ မပြတ်လပ်အောင် ဘယ်လိုစီစဉ်ထားသလဲ၊ ဆေးထုတ်ယူရတာ ပိုအဆင်ပြေအောင် နေရာနဲ့အချိန်တွေ တိုးချဲ့ပေးဖို့ ရှိ၊ မရှိ ဩဂုတ် လ ၃၁ ရက်နေ့က စစ်တပ်က စီစဥ်ထားတဲ့ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းကို လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ရန်ကုန်တိုင်းအတွင်း HIV လူနာ ၇၀,၂၅၃ ဦးရှိပြီး ခုခံအားကျ၊ ကာလသား ရောဂါ တိုက်ဖျက်ရေးဌာနတွေနဲ့ ART ဆေးပေးဌာန ၆၂ ခုကနေ ART ဆေးဝါးတွေ အခမဲ့ပေးနေ တယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ART ဆေးဝါးတွေ မပြတ်လပ်အောင် နှစ်စဉ်လိုအပ်မယ့် ဆေးပမာဏကို Forecasting Meeting တွေကနေ ကြိုတင်တွက်ချက်ဝယ်ယူနေသလို၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ART ဆေးဝယ် ယူရေး ဘဏ္ဍာငွေကို တခြားရောဂါတွေထက် ဦးစားပေးသုံးစွဲနေတယ်လို့ ဦးဗိုလ်ဌေးက ပြောပါတယ်။
ART ဆေးပေးဌာန ၆၂ ခုဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ်အားလုံးနီးပါးကို လွှမ်းခြုံနိုင်ပြီး လူနာတွေအတွက် ဆေးထုတ်ယူရမယ့်အချိန်ကိုလည်း အဆင်ပြေအောင် ညှိနှိုင်းပေးနေတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ရန်ကုန်က ဝန်ထမ်းဟောင်း တစ်ဦးကတော့ နိုင်ငံတကာအကူအညီတွေ လျော့ကျလာတာကြောင့် HIV ကာကွယ်ရေးနဲ့ စစ်ဆေးရေး လုပ်ငန်းတွေ ထိခိုက်နေတယ်လို့ RFA ကို ပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာ အကူအညီတွေ လျော့သွားတာကြောင့် မြန်မာနိုင်ငံမှာ HIV ကာကွယ်ရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေ သိသိသာသာ ထိခိုက်နေတယ်လို့ ပြောချင်ပါတယ်။ သူတို့ အာဏာသိမ်းပြီးကတည်းက စထိခိုက်ခဲ့ရတာပါ။ အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုမူဝါဒတွေ ပြောင်းသွားပြီးနောက်ပိုင်း INGO အချို့ရဲ့ HIV ဝန်ဆောင်မှုအချို့ ရပ်သွားသလို ART ဆေးပေးတဲ့ စခန်းအချို့လည်း ပိတ်လိုက်ရတော့ ပိုဆိုးပါတယ်”
လက်ရှိမှာ ART ဆေးဝါးဖြန့်ဖြူးမှု အကြီးအကျယ် ပြတ်မသွားသေးပေမဲ့ HIV စစ်ဆေးတာနဲ့ ကူးစက်မှုကာကွယ်ဖို့ PrEP ဆေးပေးတဲ့ ဝန်ဆောင်မှုတွေကတော့ ထိခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
၂၀၂၅ ခုနှစ် မတ်လမှာ ထုတ်ပြန်ထားတဲ့ UNAIDS အချက်အလက်တွေအရ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဖွဲ့အစည်းတွေပေးနေတဲ့ HIV ဝန်ဆောင်မှု တချို့ ရပ်ဆိုင်းခဲ့ပြီး ART ဆေးပေးတဲ့နေရာတချို့လည်း ပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအချိန်အထိ ART ဆေးဝါးဖြန့်ဖြူးရေးမှာ အကြီးအကျယ်ပြတ်တောက်တာ မရှိသေးပေမဲ့ HIV စစ်ဆေးရေးနဲ့ ကူးစက်မှုကာကွယ်ရေးအတွက် PrEP ဝန်ဆောင်မှုတွေ ထိခိုက်ခဲ့တယ်လို့ UNAIDS က ဆိုပါတယ်။
HIV နဲ့ နေထိုင်သူတွေရဲ့ အမျိုးသားကွန်ရက်ဖြစ်တဲ့ Myanmar Positive Group (MPG) ကလည်း စစ်ရေးပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှု၊ လောင်စာရှားပါးမှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် HIV နဲ့ နေထိုင်သူတချို့အတွက် ဆေးကုသမှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝေးလံခေါင်သီတဲ့ဒေသနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာဆိုရင် ART ဆေးရယူဖို့ ခရီးဝေးသွားရတာ၊ သွားလာစရိတ်များတာနဲ့ ဝန်ဆောင်မှုပြတ်တောက်တာတွေဟာ အဓိကအတားအဆီးတွေ ဖြစ်နေတယ်လို့ MPG က ထောက်ပြထားပါတယ်။
ဒါပေမဲ့ ရန်ကုန်တိုင်းက ၇၀,၂၅၃ ဦးဆိုတဲ့ စာရင်းဟာ HIV နဲ့ နေထိုင်သူအားလုံးကို ခန့်မှန်းထားတဲ့ ကိန်းဂဏန်းလား၊ ကျန်းမာရေးစာရင်းထဲမှာ စာရင်းဝင်ထားသူတွေလား၊ ဒါမှမဟုတ် ART ကုသမှုခံယူနေသူ အရေအတွက်လားဆိုတာ လွှတ်တော်က ပြောဆိုထားတဲ့ အချက်အလက်တွေထဲ ရှင်းရှင်းလင်းလင်း ခွဲခြားထားတာ မတွေ့ရသေးဘူးလို့ HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်း တာဝန်ထမ်းဆောင်ခဲ့သူတွေက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ HIV ရောဂါဝန်ထုပ်ဝန်ပိုး မြင့်မားတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
WHO ရဲ့ ၂၀၂၂ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ HIV နဲ့ နေထိုင်သူ ၂၈၀,၀၀၀ ခန့်ရှိပြီး အဲဒီနှစ်အကုန်မှာ လူ ၂၁၀,၀၀၀ နီးပါး ART ကုသမှု ဆက်လက်ခံယူနေတယ်လို့ ဆိုပါတယ်။
