လူငယ်တွေ ပြည်ပထွက်တာ နိုင်ငံ့အရင်းအမြစ်ဆုံးရှုံးဟု စစ်အာဏာသိမ်းခေါင်းဆောင်ပြော

နိုင်ငံက သင်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို အကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်ကြဖို့ တိုက်တွန်း။

မြန်မာလူငယ်တွေ တိုင်းတစ်ပါးနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံအတွက် အလွန်နစ်နာ ပြီး နိုင်ငံ့အရင်းအမြစ်တွေ များစွာဆုံးရှုံးရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ ထူးချွန်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ဦးမင်းအောင်လှိုင်က အခုလို ပြောခဲ့တာပါ။ ဒါဟာ စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေအလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ဆုံးခဲ့ပြီး ဖြစ်လာတဲ့ ပြည်တွင်းစစ်နဲ့ မတည်ငြိမ်မှုတွေ ကြောင့် ဘဝနဲ့ အသက်ပျက်ကြရတဲ့ လူငယ်တွေ၊ အတင်းအကြပ် စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပကို ထွက်ပြေးရတာတွေ ဖြစ်နေခဲ့အပြီး ကာလအတန်ကြာမှာ အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ့အစိုးရအနေနဲ့ လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းပြီး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံက သင်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို အကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ သားသမီးတွေ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရမှာကို စိုးရိမ်တာအပါအဝင် လုံခြုံရေး၊ ပညာရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် ပြည်ပပို့နိုင်ဖို့ ကြိုးစားနေတဲ့ မိဘတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် လုံခြုံရေးအာမခံချက်မရှိတော့တာကြောင့် အခွင့်အရေးရတာနဲ့ သားသမီးကို ပြည်ပပို့ဖို့ ကြိုးစားနေတဲ့ ရန်ကုန်မြို့ခံ မိဘတစ်ဦးက RFA ကို ပြောပါတယ်။

“လူငယ်တွေက ပြည်ပမထွက်ရင် ဘာမှကို အာမခံချက်မရှိတာပါ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဘာမှမရှိပါဘူး။ အခု တချို့မိဘတွေဆို သူတို့သားသမီးတွေကို ပြည်ပမပို့နိုင်သေးလို့ အမြဲစိုးရိမ်နေကြတာပါ။ နေ့လာဆွဲမလား၊ ညလာဆွဲမလား စိုးရိမ်ထိတ်လန့်နေရပါတယ်။ လူလာမဆွဲရင်လည်း စစ်မှုထမ်းကြေးဆိုပြီး လူငယ်တွေရှိတဲ့အိမ်တွေက လစဉ် သောင်းချီ၊ သိန်းချီ တောင်းသလောက် ပေးနေရတာပါ။ အိမ်မှာနေလည်းမလုံခြုံ၊ ခရီးလည်းထွက်မရတဲ့ လူငယ်တွေအတွက်တော့ ပြည်ပထွက်တာ အလုံခြုံဆုံးလို့ပဲ မြင်ပါတယ်”

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတွေကြောင့် ပြည်ပထွက်ခွာသူတွေ များလာခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းစစ်တပ်ခေါင်ဆောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းရမှာကို ရှောင်ရှားဖို့ လူငယ်အများအပြား ပြည်ပထွက်ခွာခဲ့ကြတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အစီရင်ခံစာမှာလည်း စစ်မှုထမ်းဥပဒေ အသက်သွင်းမယ်လို့ ကြေညာပြီးနောက် လူငယ်အများအပြား နိုင်ငံကနေ ထွက်ခွာတာ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲ ဝင်ရောက်တာတွေ ဖြစ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး လူငယ်တွေ ပြည်ပထွက်ခွာမှု များလာချိန်မှာပဲ စစ်တပ်ခန့်အစိုးရက စစ်မှုထမ်းအရွယ် အမျိုးသားတွေ ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်ကို နည်းမျိုးစုံနဲ့ကန့်သတ်တာတွေလည်း လုပ်ခဲ့ပါတယ်။

ILO ရဲ့ အစီရင်ခံစာတစ်စောင်မှာတော့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားတွေ ပြည်ပရွှေ့ပြောင်းရတဲ့ အကြောင်းရင်းဟာ ပိုကောင်းတဲ့ အလုပ်အကိုင်နဲ့ ဘဝအခြေအနေကို ရှာဖွေဖို့တင် မဟုတ်တော့ဘဲ လုံခြုံရေးအခြေအနေ ဆိုးရွားလာတာ၊ စစ်ရေးပဋိပက္ခတွေနဲ့ ဖိနှိပ်မှုတွေကနေ ရှောင်ရှားဖို့လည်း ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်ခလစာနည်းပါးမှု တွေကြောင့် လူငယ်နဲ့ အလုပ်သမားအများအပြားအတွက် စားဝတ်နေရေး ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အထည်ချုပ်စက်ရုံအပါအဝင် လုပ်ငန်းခွင်တချို့မှာ လုပ်ခလစာမလုံလောက်တာ၊ လုပ်ခလစာ ဖြတ်တောက်ခံ ရတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေရှိနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကလည်း မကြာခဏ ထောက်ပြနေကြပါတယ်။

လူငယ်တွေ ပြည်ပထွက်အလုပ်လုပ်နေတာဟာ နိုင်ငံ့အရင်းအမြစ် ဆုံးရှုံးမှုဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအကျပ်အတည်းတွေအပြင် စစ်မှုထမ်းရမယ့်အရေး စိုးရိမ်မှုတွေဟာ လူငယ်တွေ ပြည်ပထွက်ခွာရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။