စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ်နိုင်ငံကို စက်တင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့ အထိ တရားဝင်ခရီးစဉ် သွားရောက်မယ်လို့ ဗီယက်နမ်အစိုးရပိုင် သတင်းဌာန VNA က စက်တင်ဘာလ ၁ ရက်နေ့မှာ ဖော်ပြပါတယ်။
ခရီးစဉ်အတွင်း ဗီယက်နမ်သမ္မတ တိုလမ် (To Lam) နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အပြင် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ စစ်တပ်ခန့်အစိုးရဘက်ကလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဦးမင်းအောင်လှိုင်ဟာ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်ကို တက်ရောက်မှာဖြစ်ပြီး ဗီယက်နမ် နိုင်ငံမှာရှိတဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာမယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်မတိုင်ခင် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို လာရောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်ရေး ဆွေးနွေးခဲ့တယ်လို့ ဗီယက်နမ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ အာဆီယံအဖွဲ့ဝင် မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းတဲ့ သဘောဖြစ်ပေမဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ မြန်မာ့နိုင်ငံရေးအခြေအနေမှာ ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်လာနိုင်မယ်လို့ မမြင်ကြောင်း သုံးသပ်ပါတယ်။
“အဓိကကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက တရုတ်နဲ့ နီးစပ်တဲ့ မိတ်ဖက်နိုင်ငံတွေဆီကနေ တရားဝင်မှု ရရှိဖို့ ဆက်တိုက်ကြိုးပမ်းလာတဲ့ သဘောသာဖြစ်ပေမဲ့ အာဆီယံရဲ့ 5PC ကို အကောင်အထည်မဖော်ဘဲနဲ့တော့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေဟာ ထူးထူးခြားခြား ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ ဗီယက်နမ်ဟာ အာဆီယံရဲ့ 5PC ကို ထောက်ခံတဲ့နိုင်ငံဖြစ်တဲ့အတွက် အခုလို ထိတွေ့ဆက်ဆံတာဟာ ထိုင်းလိုပဲ တစ်နိုင်ငံချင်း အနေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး 5PC အကောင်အထည်ဖော်ရေး ကြိုးပမ်းတဲ့သဘောလို့ မြင်ပါတယ်။ တခြားဖက်က ကြည့်ရင်လည်း စစ်တပ်ခန့်အစိုးရရဲ့ အခုလိုခရီးစဉ်တွေဟာ စီးပွားရေးအကျိုးအမြတ်ထက် သံတမန်ရေးအထီးကျန်မှုကို ကုစားဖို့နဲ့ ဒေသတွင်းမှာ သူတို့ကိုယ်သူတို့ တရားဝင်အစိုးရတစ်ရပ်အဖြစ် ပုံဖော်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချနေတာလို့ မြင်ပါတယ်”
စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အခု ဗီယက်နမ်ခရီးစဉ်ဟာ ခုနစ်နိုင်ငံမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်လာပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတော့ သုံးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အခုစက်တင်ဘာလ အတွင်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ကတော့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
