တရုတ်နိုင်ငံက မြန်မာစစ်တပ်ခန့်အစိုးရရဲ့ အာဆီယံယန္တရားတွေနဲ့ ကုလသမဂ္ဂအတွင်း အပြည့်အဝ ပြန်ပြီး ပါဝင်ခွင့်ရရေးကို ဆက်လက်ထောက်ခံသွားမယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီကြေညာချက်ဟာ တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ သွားရောက်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်း ဆောင် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ထုတ်ပြန်တာဖြစ်ပါတယ်။
ဒါဟာ တရုတ်ရဲ့လွှမ်းမိုးမှုကို သိသာထင်ရှားစေတယ်လို့ Spring Sprouts အဖွဲ့ရဲ့ ဒါရိုက်တာ ကိုထင်ကျော်အေးက RFA ကိုပြောပါတယ်။
“စစ်အုပ်စုကို နိုင်ငံတကာမှာ ပါဝင်ခွင့်ရအောင်လုပ်ဖို့အတွက်ဆိုတာက စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းကရှိနေတဲ့ တရုတ်အစိုးရရဲ့အစီအစဉ်လို့လည်းပြောလို့ရပါတယ်။ အဲဒါကို တစ်ခုချင်းဆီ၊ တစ်ဆင့်ချင်းဆီ အကောင်ထည်ဖော်နေတာကို မြင်တွေ့ရတာဖြစ်ပါတယ်။ ဒါက ဘာကိုပြနေတာလဲဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေးအခင်းအကျဉ်း အခြေအနေတစ်စုံလုံးသည် တရုတ်နိုင်ငံ၊ တရုတ်အစိုးရက ကြီးကြီးမားမားလွှမ်းမိုးနေတယ်ဆိုတဲ့ဟာကိုလည်း ပိုပြီးတော့ ထင်ထင်ရှားရှားမြင်ရတယ်”
စစ်တပ်ခန့်အစိုးရကလည်း တရုတ်နောက်ကိုလိုက်နေလိမ့်မယ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသူတစ်ယောက်က RFA ကိုပြောပါတယ်။
“ကုလသမဂ္ဂမှာ တရုတ်က ဗီတိုအာဏာရထားတာဖြစ်တဲ့အတွက် သူ့အနေနဲ့ လုပ်ရကိုင်ရတဲ့ နေရာမှာက အာဆီယံဒေသအတွင်းက ထောက်ခံမှုအပြည့်အဝရရှိထားတယ်ဆိုရင် ကုလသမဂ္ဂမှာ မြန်မာစစ်တပ်ကို ထောက်ခံဖို့အတွက်က သူ့အတွက်အခွင့်အလမ်းပိုရသွားနိုင်တယ်ပေါ့လေ၊ အဲဒီအတွက် တရုတ်အနေနဲ့က ပိုပြီးတော့လည်း ပိုလုပ်လာနိုင်တယ်။ မြန်မာစစ်တပ်ကတော့ ထုံးစံအတိုင်းပဲ တရုတ်သွားနေတဲ့နောက်ကနေ အိပဲ့ အိပဲ့နဲ့လိုက်ပြီးတော့ ခရက်ဒစ်ရဖို့ လုပ်နေဦးမှာပဲ”
ကုလသမဂ္ဂအတွင်း စစ်တပ်ခန့်အစိုးရရဲ့ ကိုယ်စားပြုမှုကိစ္စဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အလွန်အရေးကြီးတဲ့ အငြင်းပွားမှုတစ်ခုဖြစ်နေပြီး တရုတ်ရဲ့ ထောက်ခံမှုက ဒီကိစ္စကို နောက်ထပ်နိုင်ငံရေးဖိအားတွေ တိုးလာစေနိုင်တယ်လို့ နိုင်ငံတကာဆက်ဆံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
တရုတ်-မြန်မာပူးတွဲကြေညာချက်ထဲမှာတော့ လူ့အခွင့်အရေးကိစ္စတွေကို တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှုအပေါ် အခြေခံပြီး ဆွေးနွေးသွားမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးအတွက် အသုံးချတာနဲ့ ပြည်တွင်းရေး ကို ဝင်ရောက်စွက်နေတာဖြစ်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေက ပြောပါတယ်။
တရုတ်ရဲ့ အခုလို ထောက်ခံမှုက ဒေသတွင်း နိုင်ငံရေးအခြေအနေတွေကို ပိုပြီး ရှုပ်ထွေးစေနိုင်သလို ASEAN အနေနဲ့လည်း အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့ ခက်ခဲလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး သင့်တော်တဲ့အချိန်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ တရုတ် သမ္မတကို ဖိတ်ကြားခဲ့ပါတယ်။
