မလေးရှားအစိုးရက မြန်မာစစ်တပ်ခန့်အစိုးရနဲ့ချိတ်ဆက်ပြီး ရိုဟင်ဂျာအပါအဝင် မလေးရှား လူဝင်မှု ကြီးကြပ်ရေး အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ဒုက္ခသည် ၁၅၀၀ နီးပါး လွှဲပြောင်းပို့ဆောင်မဲ့ အစီအစဥ်မှာ ကုလသမဂ္ဂအနေနဲံ တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စက်တင်ဘာ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီလိုပြန်ပို့တာဟာ စစ်ဘေးဖြစ်နေတဲ့ နိုင်ငံကို ပြန်ပို့တာဖြစ်လို့ သူတို့အတွက် မလုံခြုံနိုင်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။
နိုင်ငံတကာကျင့်ထုံးဥပဒေတွေအရ လူ့အခွင့်အရေး ချိုးဖောက်ခံမယ့် အန္တရာယ်ရှိရင် ဘယ်သူတစ်ဦး တစ်ယောက်မှ နေရပ်ပြန်ပို့ဖို့ မသင့်ကြောင်း၊ စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ စစ်နဲ့အကြမ်းဖက်မှုတွေ ရှိနိုင်တာကြောင့် လုခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်တဲ့လမ်းတော့ မဖြစ်နိုင်ပါဘူးလို့လည်း UHBCR အဖွဲ့က ပြောပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ မလေးရှား လဝက အကျဥ်းထောင်တွေထဲက ရိုဟင်ဂျာ ၁၄၇၆ ဦးကို ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့သွားမယ်လို့ သြဂုတ် ၂၇ ရက်နေ့က ကြေညာထားပါတယ်။
မလေးရှား ဒေသခံနိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေအကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ မလေးရှား ဝန်ကြီး ချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim)က မြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ ရိုဟင်ဂျာ ၅၀၀၀ ကို နေရပ်ပြန်ရန် သဘောတူညီခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဒီအစဥ်အရ ပထမအဆင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မြန်မာဘက်က ဖော်ထုတ် ပေးပို့ ထားတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦးပါမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ သူတို့ကို မြန်မာရေတပ် စစ်သင်္ဘောနှစ်စင်းနဲ့ ဆေးရုံသင်္ဘောတစ်စင်း အသုံးပြုသယ်ဆောင်မယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၄၀၀၀ ကျော်ကို အစိုးရအသိအမှတ်ပြု ဒုက္ခသည် မှတ်ပုံတင်စာရွက်စာတမ်း (DPP) အစီအစဉ်နဲ့ မှတ်ပုံတင်ပေးမှာဖြစ်ပြီး ကျန် ၅၀၀၀ကိုတော့ မြန်မာနဲ့ သဘောတူထားတဲ့အတိုင်း မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးလုပ်ငန်းစဉ်နဲ့ ပြန်ပို့မယ်လို့လည်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။
မြန်မာနိုင်ငံက စစ်တပ်ခန့်အစိုးရကတော့ ဒီလိုပြန်ပို့တာလက်ခံမယ်ဆိုတဲ့ သတင်းတွေအပေါ် တစုံတရာ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဒီလို အတင်းအကြပ် ပြန်ပို့တာဟာ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ သူတို့ကို ပြန်ပို့အစား တရားဝင် နေထိုင်ခွင့်အဆင့်သတ်မှတ်ပေးဖို့နဲ့ သူတို့အသက်လုံခြုံရေးကို ကာကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သြဂုတ်လ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ထောက်ပြထားပါတယ်။
HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဘရိုင်ရိုနီ လော (Bryony Lau) က “မြန်မာပြည်ပြန်ရောက်ရင် လူံအခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ဖိနှိပ်မှုတွေလည်း ကြုံရဖို့ရှိတဲ့အတွက် ရိုဟင်ဂျာ ၅၀၀၀ ကိုပြန်ပို့တာကို ရပ်ဖို့ တိုက်တွန်း”ထားပါတယ်။
အသက်အန္တရာယ်ဘေးကျရောက်နိုင်တယ်ဆိုရင် မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ မြန်မာနိုင်ငံပြန်ပို့မဲ့ အစီအစဥ်ကို ဆက်အကောင်အထည်မှာ မဟုတ်ပါဘူးလို့ မလေးရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဖာမီ ဖတ်ဇေး (Fahmi Fadzil) က သြဂုတ်လ ၅ ရက်နေ့က တုံ့ပြန် ပြောကြားခဲံ့ပါတယ်၊
