စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို တန်ပြန်ဖိအားပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ရပ်ကို ဖော်ထုတ်သွားမယ့် “နှင်းဆီလှုပ်ရှားမှု” ကို လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်သွားမယ်လို့ မြန်မာလူထုလှုပ်ရှားမှုပလက်ဖောင်းအဖွဲ့ (People Movement Platform Myanmar) က ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလှုပ်ရှားမှုဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှု တစ်ခုဖြစ်ပြီး ပြည်တွင်း ပြည်ပမှာ ရှိတဲ့ ပြည်သူတွေအားလုံး ပါဝင်နိုင်အောင် စီစဉ်ထားတာလို့လည်း ဆိုပါတယ်။
ပြုလုပ်မယ့် နည်းလမ်းတွေထဲမှာ နှင်းဆီပန်း သို့မဟုတ် ရရှိနိုင်တဲ့ ပန်းတွေကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန် ဝေငှတာ၊ လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတင်တာနဲ့ မြေပြင်လှုပ်ရှားမှုတွေမှာ ကိုင်ဆောင်တာတွေ ပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးမှာ ဖမ်းဆီးခံရလို့ လွှတ်မြောက်လာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူငယ် နိုင်ငံရေးသမားတစ်ဦးကတော့ စစ်ခေါင်းဆောင်တွေဟာ ဘယ်တုန်းကမှ ပြည်သူ့စကား နားထောင်ခဲ့သူတွေ မဟုတ်ဘူးလို့ RFA ကို မှတ်ချက်ချပါတယ်။
“ကုလသမဂ္ဂ နဲ့ အာဆီယံအဖွဲ့ စကားတွေတောင် နားမဝင်တာ နွေဦးအဖွဲ့တွေရဲ့ တောင်းဆိုတာတွေ ဖိအားတွေကို လှည့်တောင်ကြည့်မှာ မဟုတ်ပါဘူး။ ရှေ့မှာလည်း လှည့်မကြည့်ခဲ့လို့ သူလုပ်ချင်တဲ့ သမ္မတတောင်ဖြစ်အောင် လုပ်သွားတာပဲလေ၊ တရုတ်ကြီးက တားတဲ့အလုပ်မဟုတ်ရင် မင်းအောင်လှိုင်က ဘယ်သူတွေပြောတာကို ဂရုစိုက်ဘူးလို့လဲ၊ စစ်အာဏာရှင်တိုင်းဟာ ဘယ်ပြည်သူလူထုစကားမှ နားမထောင်ကြပါဘူး။ သူက တရုတ်စကားပဲ နားထောင်မယ့်သူပါ။ တရုတ်ကနေတဆင့် ပြောနိုင်အောင် ကြိုးစားကြပါလို့ပဲ လက်တွေ့ကျကျ ပြောချင်ပါတယ်”
မြန်မာလူထုလှုပ်ရှားမှုပလက်ဖောင်းအဖွဲ့ဟာ ပြည်တွင်း၊ ပြည်ပ သပိတ်အင်အားစုတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရောက် မြန်မာအစုအဖွဲ့တွေ စုဖွဲ့ထားတဲ့ လှုပ်ရှားမှုကွန်ရက်တစ်ခုဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။
