မကြာခင် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် စတော့မှာဖြစ်ပေမဲ့ အသွင်ပြောင်းအစိုးရရဲ့ စစ်တပ်တွေထိုးစစ်ဆင်နေတဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာတော့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကြောင့် ကလေးတွေ ပညာဆက်သင်ဖို့ ခက်ခဲနေကြပါတယ်။
သူတို့ဒေသမှာ ပညာသင်ဖို့ထက် အသက်ရှင်ဖို့ ကြိုးစားနေရတယ်လို့ S&C မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။
“လေကြောင်းကြဲတာက မနှစ်ကစပြီး တဖြည်းဖြည်းပိုဆိုးလာတယ်၊ ပိတ်ထားရတဲ့ကျောင်းက ပိုများလာတယ်၊ လက်ရှိအခြေအနေမှာ ပညာသင်နိုင်ဖို့ဆိုတာထက် အသက်မသေဖို့ပဲ ပိုပြီးအလေးထားရတဲ့ အနေအထားဖြစ်နေတယ်”
ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေနဲ့ မြေအောက်စာသင်ခန်းတွေဆောက်လာကြပေမဲ့ ငွေအခက်အခဲကြောင့် နေရာတိုင်းမှာ မဆောက်နိုင်ကြဘူးလို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ စစ်ဘေးရှောင်နေတဲ့ ကျောင်းသားမိဘတစ်ဦးကလည်း အခုလိုပြောပါတယ်။
“မြေပြင်ကျောင်းတွေမှာ ဒီလေကြောင်းအန္တရာယ်ကတော့ ဒီစကစ က နေရာမရွေး ကြဲနေတာဆိုတော့ မိဘတိုင်းလိုလို ဂျက်ဖိုက်တာတို့ ဂျိုင်ရိုကော်ပတာတို့ တက်လာပြီဆိုရင် ကိုယ့်သားသမီးတွေကို စိုးရိမ်ရတယ်။ လေယာဉ်တက်လာရင် ဂျိုင်ရိုကော်ပတာတို့ ဘာတို့ တက်လာပြီဆိုရင် ကျောင်းကိုအမြန်ဆုံးချက်ချင်းပြန်လွှတ်ရတာတွေ ကြုံခဲ့ရတယ်”
စာသင်နေတဲ့အချိန်မှာလည်း ကလေးတွေဟာ အမြဲတမ်းသတိနဲ့ နေရတယ်လို့ CDM ကျောင်းဆရာမ ဒေါ်နီလာကပြောပါတယ်။
“ကျမစာသင်ခန်းထဲမှာ ကလေးတွေကလေ သူတို့ကျောပိုးအိတ်ဖြစ်ဖြစ် လွယ်အိတ်ဖြစ်ဖြစ် ဘယ်တော့မှ ခုံပေါ်မှာ ချပြီး၊ အောက်မှာချပြီး စာသင်တယ်လို့မရှိဘူး၊ ကျောပိုးအိတ်ဆိုလည်း အမြဲကျောမှာ ပိုးထားတယ်၊ လွယ်အိတ်ဆိုလည်း ပခုံးမှာ လွယ်ထားတယ်၊ လေယာဉ်လာရင် အဆင်သင့်ဖြစ်အောင်လို့တဲ့။ ဘယ်လောက်စိတ်မကောင်းဖြစ်ရလဲ”
ကြားကာလဖက်ဒရယ်ပညာရေးကောင်စီရဲ့ စာရင်းတွေအရ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ဒေသတွေမှာ ပညာသင်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေ တစ်သန်းနီးပါးရှိပါတယ်။
အဲဒီထဲက စစ်ဘေးရှောင်ကျောင်းသား ကျောင်းသူတွေဟာ အွန်လိုင်းကနေသင်ရတဲ့အတွက် အင်တာနက်မကောင်းလို့ အခက်အခဲရှိတယ်လို့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးခါးက ပြောပါတယ်။
“စစ်ဘေးရှောင်နေရလို့ ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ကျောင်းသား ကျောင်းသူဦးရေကိုတော့ ရဖို့ ခက်ခဲတယ်။ အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ဒေသက ကျောင်းသား ကျောင်းသူတွေက စစ်ဘေးရှောင်နေရတာကြောင့် ပညာဆက်သင်ဖို့ အခက်အခဲရှိနေတယ်။ အွန်လိုင်းစာသင်ကျောင်းတွေရှိပေမဲ့ အင်တာနက်အခက်အခဲရှိတော့ ဆက်သင်ဖို့ အခက်အခဲဖြစ်နေတယ်”
ပြီးခဲ့တဲ့နှစ် မေလက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး သေဆုံးခဲ့တဲ့နောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလပညာသင်ကျောင်းတွေကို ယာယီပိတ်လိုက်ပါတယ်။ ဒါကြောင့် စာသင်တဲ့နေရာကိုအတည်တကျမထားဘဲ ရွှေ့ပြောင်းသင်တာမျိုးနဲ့ ကြိုးစားနေရတယ်လို့ CDM ဆရာမ ဒေါ်ရတီအုန်းက ပြောပါတယ်။
“စာသင်ကျောင်းတွေက လေကြောင်းပစ်မှတ်ဖြစ်လာတဲ့အချိန်မှာ ကျမတို့က စာသင်ကျောင်းတွေကို စွန့်ခွာလိုက်ရတယ်။ အရိပ်ကောင်းတဲ့နေရာတွေ၊ လုံခြုံတယ်လို့ ထင်ရတဲ့နေရာတွေမှာပဲ သင်ကြားရတာပေါ့။ တောတွင်းစာသင်ကျောင်းလို့ ပြောရင် မှန်သွားမယ်။ ဘာလို့ဆို ကျမတို့ စာသင်ခန်းတွေက ရွေ့လျားစာသင်ခန်းတွေဖြစ်နေတာ”
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အခုနှစ် ဧပြီ ၃ဝရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၄၈၇ ကျောင်းပျက်စီးခဲ့သလို လူဦးရေ ခြောက်ထောင်နီးပါး (၅,၆၃၃ ဦး) သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်ကလေး ၇ဝဝ ကျော် (၇၄ဝ ဦး) ပါဝင်ပါတယ်။
