ရွေးကောက်ပွဲစီမံချက် ၆ လအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးခဲ့ရကြောင်း ကုလပြောကြား

၆ လအတွင်း သေဆုံးသူ ၇၀၀ မှာ ၄၇၆ ဦးဟာ လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အမျိုးသမီး ၂၂၄ ဦး၊ ကလေး ၁၅၃ ဦးပါဝင်။

မြန်မာနိုင်ငံမှာ ၂၀၂၅ သြဂုတ်လကနေ ၂၀၂၆ ဇန်နဝါရီလ အထိ ၆ လအတွင်း အရပ်သား ၇၀၂ ဦး သေဆုံးခဲ့ပြီး ဒီလိုသေဆုံးခဲ့မှုအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇွန်လ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင် စစ်ရေးပဋိပက္ခဟာ ငါးနှစ်ကျော်ကြာလာပေမယ့် အခြေအနေဟာ ပိုလိုသာ ဆိုးဝါးလာခဲ့ကြောင်း၊ နိုင်ငံတကာက မြန်မာနိုင်ငံအတွက် အကူအညီအထောက်အပံ့တွေ ကျဆင်းသွားတာဟာ မြန်မာပြည်သူ သန်းပေါင်းများစွာအတွက် မြွေပူရာ ကင်းမှောင့် ပိုပြီး အတိဒုက္ခရောက်စေပါတယ်လို့လည်း အစီအရင်ခံစာက ‌ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာအပြီးနဲ့ ရွေးကောက်ပွဲကျင်းပပြီးချိန်အထိ စစ်ရေးပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ပတ်သက်တဲ့ အစီအရင်ခံစာမှာ အခုလို ဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ အခုလို လူ့အခွင့်အရေးတွေချိုးဖောက်နိုင်ဖို့ နိုင်ငံခြားတိုင်းပြည်တွေက လက်နက်နဲ့ပစ္စည်းတွေ ထောက်ပံ့နေတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အပံ့အပိုးတွေ တာဝန်ရှိနေတာတွေ့ရတယ်လို့လည်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အရပ်သား သေဆုံးသူ ၇၀၀ ကျော်အထဲမှာ ၄၇၆ ဦးဟာ လေကြောင်း တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရပြီး ဒီအထဲမှာ အမျိုးသမီး ၂၂၄ ဦး၊ ကလေးသူငယ် ၁၅၃ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲကြေညာအပြီးနဲ့ ကျင်းပချိန် ၆ လတာအတွင်း သြဂုတ်လနဲ့ စက်တာဘာလအကြား တစ်ကြိမ်၊ ဒီဇင်ဘာနဲ့ဇန်နဝါရီလအကြားတစ်ကြိမ်။ ဒီကာလ နှစ်ခုဟာ ပစ်ခတ်တိုက်ခိုက်မှု အပြင်းထန်ဆုံးနဲ့ သေဆုံးမှုအများဆုံးကာလတွေလို့လည်း ဆိုပါတယ်။

“စစ်ဖိနပ်အောက်မှာ နေရတဲ့ မြန်မာပြည်သူတွေဟာ ဒုက္ခဆင်းရဲ လုံလုံလောက်လောက် မခံစားရသလိုပဲ ဘာမှ မဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းက မေ့လျော့ထားကြပါတယ်။ စစ်တပ်ကနေ အယုတ်အလတ် အမြတ်မရွေး လက်လွတ်စပယ်တိုက်ခိုက်တာ၊ အချိန်ပြည့် ပစ်မှတ်ထား တိုက်ခိုက်တာ ခံနေရတဲ့ ပြည်သူတွေကို နိင်ငံတကာက အခုဆိုရင် အကူအညီတွေတောင် လျှော့ချထားကြတာဟာ မြန်မာပြည်သူတွေအဖို့ အနာပေါ် ဆားပက်သလို ဖြစ်နေပါတယ်။” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာ တာ့ခ် (Volker Türk) က ဒီအစီအရင်ခံစာမှာ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

“ဆယ်စုနှစ်တစ်စုကျော် စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဒုက္ခပေါင်းစုံကို ခံစားနေရတဲ့ မြန်မာပြည်သူတွေကို ငါတို့ ဥပေက္ခာပြု လက်လျှော့လိုက်တော့မှာလားလို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကိုယ့်မျက်နှာရှေ့ မှန်တစ်ချပ်ကိုင်ပြီး ကိုယ့်ကိုကိုယ် မေးခွန်းထုတ်သင့်ပါတယ်။ အဖြေကတော့ လုံးဝလက်လျှော့လို့ မဖြစ်ဘူးဆိုတာပဲ ဖြစ်ရမှာပါ” လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်ရေးစနစ်သစ်ပြောင်းလဲတယ်လို့ စစ်အာဏာပိုင်တွေက ပြောဆိုနေပေမယ့် စစ်တပ်ဦးစီးကျင်းပတဲ့ ‌ရွေးကောက်ပွဲကနေ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ လွှတ်တော်ခေါ်ယူပြီး စစ်အာဏာသိမ်းခေါင်းဆောင်ကပဲ သမ္မတရာထူးရယူလိုက်ပြီး အရပ်သားအစိုးရ ဖွဲ့ခဲ့တာဟာ အသွင်ကူးပြောင်းမှုမဟုတ်ဘဲ စစ်တပ်အာဏာပိုခိုင်မာအောင် တည်ဆောက်ခြင်းသက်သက်သာဖြစ်တယ်လို့ နိုင်ငံတကာပဋိက္ခလေ့လာရေးအဖွဲ့ (International Crisis Group) က ဇွန်လ ၃ ရက်နေ့က အစီအရင်ခံစာထုတ်ပြန်ထားပါတယ်။