မြန်မာနိုင်ငံက စစ်တပ်ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲကနေ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ လွှတ်တော်ခေါ်ယူပြီး စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရယူလိုက်ပြီး အရပ်သားအစိုးရ ဖွဲ့ခဲ့တာဟာ အသွင်ကူးပြောင်းမှုမဟုတ်ဘဲ စစ်တပ်အာဏာပိုခိုင်မာအောင် တည်ဆောက်ခြင်းသက်သက်သာဖြစ်တယ်လို့ နိုင်ငံတကာပဋိက္ခလေ့လာရေးအဖွဲ့ (International Crisis Group) က ဇွန်လ ၃ ရက်နေ့က အစီအရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
စာမျက်နှာ ၃၀ ကျော်ရှိတဲ့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်တဲ့ ဒီအစီအရင်ခံစာမှာ အာဏာသိမ်း ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူးယူထားတဲ့ အရပ်သားအုပ်ချုပ်ရေးအသစ်ဟာ အရပ်သား အုပ်ချုပ်မှုအဖြစ် ဟန်ပြမျက်နှာဖုံး တပ်ဆင်ထားတဲ့ စစ်အာဏာပိုမိုခိုင်မာအောင် ဆောက်တည်မှုအဖြစ် သုံးသပ်ထားပြီး ဒီလို ပြောင်းလဲပြတာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမဟုတ်ဘဲ နိုင်ငံရေးအရ တရားဝင်မှုမရှိသလို၊ ပြည်တွင်းပဋိပက္ခတွေလည်း ပိုပြီး သက်ဆိုးရှည်စေတယ်လို့ ဖော်ပြထားပါတယ်။
ICG အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိ ရစ်ချတ်ဟိုဆေ (Richard Horsey) က ဝတ်စုံပြောင်းဝတ်ပေမယ်လို့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတော့ မဟုတ်ဘူးလို့ ပြောပါတယ်။
“ယူနီဖောင်းတွေကနေ အရပ်ဝတ်ကိုပြောင်းလိုက်ပေမယ့် ဒါဟာ နိုင်ငံရေးအသွင်ကူးပြောင်းမှုမဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာကလည်း အခြေခံဥပဒေကို ဟန်ပြအကာအကွယ်ယူ၊ ပြည်တွင်း စစ်ရေး ပဋိပက္ခတွေ ဖြစ်စေတဲ့ အကြောင်းတရားတွေကို မဖြေရှင်းဘဲ ချန်လှပ်ပြီး စစ်အာဏာ ပိုပြီးတည်တံ့ခိုင်မာအောင် လုပ်ဆောင်တဲ့ ရွေးကောက်ပွဲသာဖြစ်ပါတယ်။ စီးပွားရေးကျဆင်းမှုတွေကလည်း အများစုပြောင်းလဲ သွားတာ မရှိပါဘူး။”
ဒီအစီအရင်ခံစာမှာ မြန်မာနိုင်ငံက မတည်ငြိမ်မှုအကျိုးဆက်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ ရိုက်ခတ်နေပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတို့ကြောင့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပေါလာကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်တာ၊ တရားမဝင်ငွေကြေးစီးဆင်းတာ၊ လူကုန်ကူးတာ စတဲ့ စနစ်တကျ ကြိုတင် ကြံစည် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ထူပြောလာကြောင်း၊ တချိန်ထဲမှာပဲ တရုတ်ပြည်ရဲ့ အကူအညီကြောင့် စစ်ရေး၊ နိုင်ငံရေးအရ အရေးပါမှုပိုလာပြီး တရုတ်သြဇာခံအဖြစ် ပိုပြီးရောက်ရှိလာတဲ့အကြောင်း၊ နိုင်ငံသား ပြည်သူတွေ ကတော့ တစ်စထက်တစ်စ ပိုများလာတဲ့ အခက်အခဲတွေကို ရင်စီးခံနေရပြီး အီရန်စစ်ပွဲလို နိုင်ငံတကာအကြပ်အတည်းတွေကြောင့် စီးပွားရေးဆိုးဆိုးဝါးဝါး ပိုခံလာရပြီး အခြေအနေဆိုး သထက်ဆိုးလာရင် မြို့ကြီးတွေမှာ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
