မြန်မာစစ်တပ်က ကလေးငယ်တွေရှိနေမှန်းသိတဲ့ နေရာတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ကလေးငယ် ၂၀ ကျော်သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်တဲ့ မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
IIMM အနေနဲ့ အိုးထိန်းကွင်းရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုအပါအဝင် စာသင်ကြောင်း၊ ဆေးရုံ၊ ဘာသာရေးဆိုင်ရာ နေရာတွေနဲ့ လူနေအိမ်တွေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တွေ သေဆုံး ဒဏ်ရာရတဲ့ လတ်တလော ဖြစ်ရပ်တွေကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
ကလေးငယ်တွေ ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို အထူးပြု စုံစမ်းစစ်ဆေးနေတယ်လို့ IIMM အကြီးကဲ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် (Nicholas Koumjian)က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
“ကလေးငယ်တွေ ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ် တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ် ကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ပါတယ်။ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်း ဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းပြီး စိစစ်သုံးသပ်နေပါတယ်။ ဒါမှသာ ဒီပုဂ္ဂိုလ်တွေ တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်မှာပါ”
ဒီလအစောပိုင်းကလည်း ချင်းပြည်နယ်က ရွာတစ်ရွာမှာရှိတဲ့ ကလေးကစားကွင်းကို လေကြောင်း တိုက်ခိုက်တာ ကြောင့် အသက် ၅ လ ကနေ ၁၀ နှစ်ကြားရှိတဲ့ ကလေးငယ် အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ IIMM က ဖော်ပြပါတယ်။
“ကလေးတွေကို တိုက်ခိုက်တယ်ဆိုတာ အင်မတန်မှ စက်ဆုပ်ဖွယ်ကောင်းပါတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ အကြောက်တရားကင်းကင်းနဲ့ အိပ်စက်ခွင့်၊ ပညာသင်ယူခွင့်၊ ပြေးလွှားဆော့ကစားခွင့် ရှိရမှာပါ” လို့လည်း နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်နေတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦးသေဆုံးပြီး နောက်ထပ် လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဧပြီလ ၃၀ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၆၃၃ ဦးသေဆုံးပြီး အဲဒီအထဲမှာ ကလေးငယ် ၇၄၀ ဦး ပါဝင်ပါတယ်။ ဒီအပြင် စာသင်ကျောင်း ၄၈၇ ခု၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ ၇၃၈ ခုနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အုံ ၁၆၇ ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
