မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅၀၀ ကျော်သေဆုံး

၂၀၂၆ ပထမ နှစ်လထက် အရပ်သား‌သေဆုံးရမှု သုံးဆအထိ မြင့်တက်ခဲ့ဟုဆို။

မတ်လတစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ၅၁၆ ဦး သေဆုံးခဲ့ပြီး ၄၇၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဧပြီလ ၂၁ နေ့က မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ BNI-Myanmar Peace Monitor က ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလမှာ သေဆုံးမှု ၁၆၈ ဦးနဲ့ ဖေဖော်ဝါရီလမှာ ၁၆၀ ဦးသာ ရှိခဲ့ပေမယ့် မတ်လမှာ သေဆုံးမှုက ၅၁၆ ဦးအထိ သိသိသာသာ မြင့်တက်လာတာကြောင့် သေဆုံးမှု ၃ ဆ ကျော်မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း လအလိုက် သေဆုံးမှုတွေ များလာသလို လေကြောင်းတိုက်ခိုက်မှုတွေ လည်း ၇၂ ကြိမ်ကနေ ၇၈ ကြိမ်အထိ သုံးလဆက်တိုက် တိုးလာခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုတွေကြောင့် သုံးလအတွင်း အရပ်သားပြည်သူ စုစုပေါင်း ၈၄၄ ဦး သေဆုံးခဲ့ရတယ်လို့ BNI ရဲ့ထုတ်ပြန်ချက်တွေထဲမှာ ဖော်ပြထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံတစ်ဦးကတော့ တိုက်ခိုက်မှုပုံစံနဲ့ ပစ်မှတ်ရွေးချယ်မှုတွေ ပြောင်းလဲသွားတာကြောင့် သေဆုံးမှု မြင့်တက်လာရတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“တိုက်ပွဲရှိရှိ၊ မရှိရှိ အရပ်သားပြည်သူတွေ နေနေ မနေနေ သူတို့ (စစ်တပ်)အဖွဲ့က အခုနောက်ပိုင်း လေကြောင်းကနေပဲ နေ့တိုင်းနီးပါးလောက် ဗုံးကြဲတိုက်ခိုက်နေတာလေ၊ ကျွန်မတို့ စစ်ကိုင်းတို့ မကွေးတို့မှာဆိုရင် လေယာဉ်အသံ ကြားတာနဲ့ ပြည်သူတွေက အကုန် ထွက်ပြေးနေကြရတယ်။ အချိန်မီ မထွက်နိုင်၊ မပြေးနိုင်တဲ့သူတွေဆို သေရင်သေ၊ မသေရင် အနည်းဆုံး ကျိုးကန်းဒဏ်ရာပဲ၊ တချို့နေ့တွေဆို လေယာဉ်က တစ်ရက်ထဲ နှစ်ကြိမ် သုံးကြိမ်လာတတ်တာ၊ ဒါကြောင့် ရွာတွေ အိမ်တွေမှာလည်း လူတွေက မနေရဲကြတော့ဘူး၊”

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လအတွင်း အိုးအိမ်နေရပ်စွန့်ခွါသူ ၅၉,၀၄၃ ဦး ရှိခဲ့ပြီး ဇန်နဝါရီလက ၁၉,၀၆၀ ဦးနဲ့ ဖေဖော်ဝါရီလက ၄၁,၅၀၀ ဦး ရှိခဲ့ပါတယ်။ ဒါကြောင့် သုံးလအတွင်း နေရပ်စွန့်ခွါသူအားလုံးပေါင်း တစ်သိန်းကျော်ရှိပါတယ်။

ဒီသေဆုံးမှုစာရင်းတွေနဲ့ နေရပ်စွန်ခွါမှုစာရင်းတွေဟာ မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ BNI-Myanmar Peace Monitor ရဲ့ ထုတ်ပြန်ချက်စာရင်းတွေသာဖြစ်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း အကြိမ် ၁၀၀ မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့က ၅၄ ကြိမ်နဲ့အများဆုံးဖြစ်ခဲ့ပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့က ၃၈ ကြိမ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ၈ ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။