နိုင်ငံတကာပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ အွန်လိုင်း ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေကို ဝင်ရောက်စီးနင်းဖြိုခွဲခဲ့ပေမယ့် အခု တစ်နှစ်ကြာတဲ့အထိ မြန်မာဘက်ခြမ်းက လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့နေရာ လေးခုမှာ နိုင်ငံခြားသား ၅၃၀၀ ကျော်ပိတ်မိနေဆဲလို့ ထိုင်းအခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး ကွန်ရက်အဖွဲ့က ပြောကြားလိုက်ပါတယ်။
လူကုန်ကူးခံရသူတွေကို ကယ်ဆယ်ဖို့ တိုက်တွန်းထားတဲ့ ဇွန်လ ၂၂ ရက်နေ့ နေ့စွဲနဲ့ ထိုင်းရဲတပ်ဖွဲ့ကို ပေးပို့တဲ့ စာမှာ လူကုန်ကူးခံရသူများ အကူအညီပေးရေး လူမှုကွန်ရက်အဖွဲ့ (Civil Society Network for Human Trafficking Victim Assistance) က အခုလို ပြောကြားလိုက်တာဖြစ်ပြီး အများစုဟာ ထိုင်းနိုင်ငံသားတွေမဟုတ်ဘဲ နိုင်ငံခြားသားတွေလို့ ပြောပါတယ်။
CSNHTV အဖွဲ့ရဲ့ ခန့်မှန်းချက်အရ တရုတ်နိုင်ငံသား ၁၆၀၀၊ မြန်မာနိုင်ငံသား ၂၀၀၊ ထိုင်းနိုင်ငံသား ၂၀ နဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရာဇီး၊ ရုရှား၊ ကင်ညှာ၊ ယူဂန်ဒါ၊ ရဝမ်ဒါနဲ့ ဇင်ဘာဘွေ စတဲ့ ဝေးလံတဲ့ နိုင်ငံရပ်ခြားက နိုင်ငံခြားတွေပါတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာနဲ့ ကမ္ဘာဒီးယားနိုင်ငံတွေက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအပါအဝင် အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ အင်တာနက်အွန်လိုင်းပေါ်မှာ တရားမဝင် အလိမ်အညာတွေနဲ့ ကမ္ဘာတစ်လွှားက လူတွေကို လှည့်ဖြားပြီး ငွေကြေး ဒေါ်လာသန်းထောင်ပေါင်းများစွာ လိမ်လည်ရယူနေတဲ့ အဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။
မြန်မာထိုင်းနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေအများအပြားအပါအဝင် ဒီလုပ်ငန်းကြီးတွေဟာ ကမ္ဘာတစ်လွှားက ဒုစရိုက်ဂိုဏ်းကြီးတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံရပ်ခြားက နိုင်ငံခြားသားတွေကို လူမှောင်ခိုကူး ခေါ်ဆောင်ပြီး ဖိနှိပ် နှိပ်စက်ပြီး လုပ်ငန်း လည်ပတ်စေတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ ထိုင်းနယ်စပ်တွေမှာ ရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်ဖို့ ရှေ့တန်းကနေ ကြိုးပမ်း ဆောင်ရွက် ခဲ့တဲ့ အတွက် မြန်မာဘက်ခြမ်း မြဝတီဘက်က ကာစီနိုနဲ့ ကျားဖြန့်ဂိုဏ်းတွေကနေ လူပေါင်း ၅၀၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တရားမဝင် ငွေလိမ်လုပ်ငန်းတွေကတော့ မြန်မာဘက်ခြမ်းမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကို ပေးပို့တဲ့ စာထဲမှာ ဒီလူမှောင်ခိုသားကောင်ဖြစ်နေရတဲ့ နိုင်ငံခြားသားအများစုဟာ မြန်မာဘက်ခြမ်းက ကရင်နယ်ခြားစောင့်တပ် တစ်ဖြစ်လဲ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကြီးစိုးတဲ့ နယ်မြေက ကျားဖြန့် လုပ်ငန်းခွင်တွေမှာ ပိတ်မိနေတယ်လို့ CSNHTV အဖွဲ့က ဖော်ပြထားပါတယ်။
