ကျောင်းသားသမဂ္ဂများ ထားရှိရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်

အမျိုးသားပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းသား သမဂ္ဂတွေ ပြန်လည်ထားရှိဖို့အတွက် ထည့်သွင်းရေး ဆွဲပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အဆို တင်သွင်းခဲ့ရာမှာ ရံှုးနိမ့်ခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီး နေရာပေးရမယ့်အစား အထင်အမြင်မှားတွေရှိနေတယ်လို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က အခုလို ပြောပါတယ်။

"ကျောင်းအုပ်ချုပ်ရေးအဖွဲ့တို့၊ ကျောင်းသားမိဘ အသင်းအဖွဲ့တို့ တောင်ထည့်ပေးရင် ကျောင်းသား သမဂ္ဂကို ဘာလို့မထည့်ပေးရမှာလဲ၊ ကျောင်းသား သမဂ္ဂနဲ့ ပတ်သက်ပြီး စည်းမျဉ်းအရ နေရာပေး ရမယ့်အစား အထင်အမြင်မှားတွေရှိတယ်"

မြန်မာနိုင်ငံ အမျိုးသားပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်တွေကို ထည့်သွင်းရေးဆွဲဖို့မလိုဘဲ အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲမှသာ ထည့်သွင်းရမယ်လို့ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမြဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"အမျိုးသားပညာရေးထဲမှာ ထည့်သွင်းစရာမလိုပါဘူး၊ အဲဒါတွေလုပ်နိုင်အောင် ဥပဒေထဲမှာ ဖွင့်ပေးနိုင်ပါတယ်၊ လက်ရှိအနေအထားနဲ့ မတူပဲနဲ့ တက္ကသိုလ်များဟာ ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်များဖြစ်လာမှာပဲ၊ ဖြစ်လာတဲ့အခါမှာ တက္ကသိုလ်အလိုက် ဥပဒေတွေပေါ်လာမယ်၊ အဆင့်မြင့်ပညာရေးဥပဒေ ဆိုတာပေါ်လာပြီ၊ အဲဒီအခါမှာကျတော့ အသေးစိတ်ပါလာပါမယ်"


ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်ရေးကော်မတီနဲ့ ပညာရေးဝန်ကြီးဋ္ဌာနတို့က ပေးပို့ထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းထဲမှာ နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်ရေး၊ ခေတ်မီပညာရေးစနစ်ကို အကော်အထည်ဖော်ရေး စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။