မြန်မာကို လျှပ်စစ်မီးရောင်းချတာ ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်

RFA Burmese
2025.01.27
မြန်မာကို လျှပ်စစ်မီးရောင်းချတာ ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။
Photo: RFA

ထိုင်းနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Provincial Electricity Authority (PEA) က မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားရောင်းချတာ ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက လျှပ်စစ်မီးကို အသုံးပြုပြီး ရာဇဝတ်မှုကျူးလွန်တာတွေကို တားဆီးနိုင်ဖို့အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးက လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ PEA က ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နယ်စပ်တစ်လျှောက်မှာ တရားမဝင်လုပ်ရပ်တွေကို စစ်ဆေးတွေ့ရှိရင်တော့ လျှပ်စစ်မီးပေးတာကို ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားရောင်းချရာမှာ နှစ်နိုင်ငံ သဘောတူညီချက်ကို လိုက်နာဆောင်ရွက်နေကြောင်းနဲ့ စာချုပ် အချက်အလက်တွေကို ဖောက်ဖျက်ရင် လျှပ်စစ်မီးရောင်းချတာကို ရပ်ဆိုင်းသွားမယ်လို့လည်း PEA က ပြောပါတယ်။

PEA ရဲ့ ဒုတိယအကြီးအကဲ Prasit Junprasit က မြန်မာနိုင်ငံက ကရင်ပြည်နယ် မြ၀တီမြို့က နှစ်နေရာ၊ ရှမ်းပြည်နယ် တာချီလိတ်မြို့ နှစ်နေရာနဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ တစ်နေရာတို့ကို လျှပ်စစ်ဓာတ်အား ရောင်းချခဲ့ကြောင်း အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့ တောင်းဆိုမှုကြောင့် မြ၀တီမြို့က လျှပ်စစ်မီးပေးထားတဲ့ နှစ်နေရာကို PEA က လျှပ်စစ်မီး ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်ကလည်း ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ကို လျှပ်စစ်ဓာတ်အားခပေးချေဖို့ ပျက်ကွက်တဲ့အတွက် PEA က မီးပေးတာကို ရပ်ဆိုင်းခဲ့တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားပေးတာ ရပ်ဆိုင်းဖို့အတွက် နှစ်နိုင်ငံလုံခြုံရေးအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပြီး ဒီလိုလုပ်ဆောင်ရာမှာ နယ်စပ်တစ်လျှောက်က ထိုင်းဒေသခံတွေကိုတော့ ထိခိုက်မှုရှိစေမှာမဟုတ်ဘူးလို့ PEA ရဲ့ ဒုတိယအကြီးအကဲ Prasit Junprasit က ဇန်နဝါရီ ၂၅ ရက်နေ့က ပြောကြားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။