ရွေးကောက်ပွဲ အငြင်းပွားမှုတွေ တိုင်ကြားဖို့ ပါတီကြီးသုံးခု ပြင်ဆင်နေ

သီဟထွန်း၊ သက်စုအောင်
2020.11.12

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနဲ့ မတရားမှုတွေကို ဖြေရှင်းပေးဖို့အတွက်  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ လက်ရှိအာဏာရပါတီ NLD တို့က  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားစာတွေပို့ပြီး အပြန်အလှန်တိုင်ကြားဖို့ ပြင်ဆင်နေကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်ယဉ်မင်းမြင့်ဆွေက  ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားမဲ့မှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမြောက်အများ တိုင်ကြားမှာဖြစ်ပြီး၊ သက်သေအချက်အလက် တွေ စုဆောင်းနေတယ်လို့ပြောပါတယ်။

"သက်သေအထောက်အထား ခိုင်ခိုင်လုံလုံတွေ တွေ့ရတာပေါ့၊ ဘယ်လိုအကြောင်းအရာတွေရှိလဲဆိုရင် မဲဆန္ဒနယ် တစ်နယ်ထဲမှာ လူတစ်ဦးထဲ မဲနှစ်ကြိမ်ပေးတဲ့ကိစ္စမျိုး လူတစ်ဦးထဲက မဲဆန္ဒနယ်ပြင်ပမှာရော အတွင်းမှာရောပေးတဲ့ကိစ္စ အယောင်ဆောင်မဲပေးတဲ့ကိစ္စမျိုးတွေ ကိုက် ၅၀၀  အတွင်းမှာ ပါတီအသုံး အဆောင်တွေ အသုံးပြုတဲ့ကိစ္စမျိုးတွေ အများကြီးပဲပေါ့နော် အကြောင်းအရာတိုင်းရှိတယ် မှတ်တမ်း မှတ်ရာတွေရှိပါတယ်၊ မဲရုံကိုယ်စားလှယ်တွေဆီက အချက်အလက်က ဖြည်းဖြည်းချင်းစုနေတာ။"


အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့  ကြံ့ခိုင်ရေးပါတီက “ရွေးကောက်ပွဲ မဲရလဒ်တွေမှာ အငြင်းပွားဖွယ်ရာတွေ များစွာရှိပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်လို့ အသိအမှတ်မပြုဘူး၊ ဒါ့ကြောင့် လွတ်လပ်မျှတပြီး ဘက်လိုက်မှု ကင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်က တပ်မတော်နဲ့ ပူးပေါင်းပြီး နောက်ထပ် ရွေးကောက်ပွဲ တစ်ခု အမြန်ဆုံး ပြန်လည်ကျင်းပပေးဖို့” နိုဝင်ဘာ ၁၁ ရက် မနေ့က ရန်ကုန်မှာ သတင်းစာရှင်းပွဲလုပ်ပြီး တောင်းဆိုထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမဲ့ပြုကျင့်မူတွေ၊ မကျေနပ်တဲ့ တိုင်ကြားလွှာတွေကို ၄၅ ရက်အတွင်း ပေးပို့နိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာ ထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကလည်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တိုင်ကြားဖို့စီစဉ်နေတယ်လို့  RFA ကို ပြောပါတယ်။

"တိုင်ကြားမှုပြုမယ်လို့ ဆုံးဖြတ်ထားတာက မိုင်းတုံမြို့နယ်တစ်ခုတော့ သေချာနေပါပြီ၊ နောက်ထပ် အမျိုးသားလွှတ်တော်ဝင်ပြိုင်တဲ့ မူဆယ်ခရိုင်က ကာယကံရှင်နဲ့ မပြောရသေးတော့ ကျနော်တို့ အတိအကျ မဆုံးဖြတ်ရသေးပါဘူး၊ မိုင်းတုံမြို့နယ်ရယ် ရှမ်းပြည်နယ်တောင်ပိုင်းက နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းပေါ့နော်၊ အဲဒီနှစ်မြို့နယ်မှာ လုပ်လိမ့်မယ်လို့ မြင်ပါတယ်၊ အဓိကတော့ တရားမဲ့ ပြုကျင့်မှုဆိုင်ရာ အထမြောက်တယ်လို့ ယူဆလို့ပေါ့၊ ဥပမာ မိုင်းတုံမှာဆိုရင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို မဲပေးခွင့်ပြုတယ်"


SNLD အနေနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းက “မန္တလေးတိုင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ခဲ့ပေမယ့်၊ ဒီတစ်ကြိမ်မှာ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမယ်လို့လည်း  ဦးစိုင်းလိတ် က ပြောသွားပါတယ်။

လက်ရှိ အာဏာရပါတီ NLD အနေနဲ့လည်း တံဆိပ်တုံးအတုပြုလုပ်မူ၊ မဲကို တစ်ကြိမ်ထက်ပို ပေးခဲ့တဲ့အမှု စတဲ့အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ထံ  တိုင်ကြားလွှာ ပေးပို့ထားတယ်လို့ NLD ဗဟို အောင်နိုင်ရေးကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် ကပြောပါတယ်။ တိုင်ကြားလွှာ ဘယ်လောက်များများ တင်ပြထားသလဲဆိုတာကိုတော့ သူက အတိအကျ ထုတ်မပြောပါဘူး။

“ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တည်ဆဲဥပဒေတွေအတိုင်း ဆောင်ရွက်နေတာကို တွေ့ရတယ်လို့” ဒေါက်တာ မျိုးညွန့် က အပြုသဘော မှတ်ချက်ပေးပါတယ်။

"ကျနော်တို့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အခုရွေးကောက်ပွဲကော်မရှင်နဲ့ ဦးတင်အေးလက်ထက် ရွေးကောက်ပွဲ ကော်မရှင် အငြင်းပွားမှု ဖြေရှင်းတာဟာ သိပ်ပြီးတော့ ကွာခြားမှုမရှိလှဘူးလို့တော့ ကျနော်တို့ မြင်ပါတယ်ခင်ဗျ။ ဒီရွေးကောက်ပွဲကော်မရှင်ရဲ့  ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်အာဏာကို ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့အတိုင်းဖြစ်နေတာပါ ခင်ဗျ။ ဒါကတော့ ကျနော်တို့ ပြည်သူတွေက တင်ပြလာမယ်ဆိုရင် နောက်တချိန်မှာလည်း ဒါကလည်း ပြုပြင်ပြောင်းလဲလို့ရပါတယ်။ အခုလောလောဆယ်ကတော့ တည်ဆဲဥပဒေအတိုင်းပဲ ကျနော်တို့ ဆောင်ရွက်နေတာပါ။"

ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်တယ်လို့ ယူဆရင် ဥပဒေပါအတိုင်း ၄၅ ရက်အတွင်း တိုင်ကြားနိုင်တယ်လို့ နိုဝင်ဘာ ၁၁ ရက် မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောခဲ့ပါတယ်။

"ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမဲ့ ပြုကျင့်မှုတွေရှိပါတယ်၊ တရားမဲ့ ပြုကျင့်မှုတွေကြောင့် ဒီရွေးကောက်ပွဲ ကြီးက တဖက်သတ်နိုင်သွားတယ်ဆိုရင်လည်းပဲ ကန့်ကွက်ပါ၊ ကြေညာပြီးတော့ ၄၅ ရက် အတွင်းပေါ့၊ အဲဒီတော့ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ အခန်း ၁၃ အရ အရေးယူချင်လည်း အရေးယူလို့ရတယ်၊ အခန်း ၁၄ အရ ကန့်ကွက်ရင်လည်း ကန့်ကွက်လို့ရတယ် ဥပဒေအရ ပေးထားပြီးပေါ့၊ ဥပဒေပြဌာန်းချက်တွေအတိုင်းပဲ ဆောင်ရွက်ပါ၊ ဒီလိုပဲ ပြောချင်တာပေါ့။"

“အရေအတွက် အတိအကျကို မပြောနိုင်သေးပေမဲ့ တိုင်ကြားစာတွေကို စိစစ်ဆောင်ရွက်သွားမယ်” လို့ ဦးမြင့်နိုင်က ဆိုပါတယ်။

အရင်အစိုးရလက်ထက် ရွေးကောက်ပွဲခုံရုံး ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ထောက်ပြဝေဖန်လေ့ရှိတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က လက်ရှိကော်မရှင်အနေနဲ့  နိုင်ငံရေးအရ ဖြစ်နေတဲ့အပေါ်မူတည်ပြီး သေချာစဉ်းစားကိုင်တွယ်သင့်တယ်လို့ ပြောပါတယ်။

"ဦးတင်အေး ကလည်း ၂၀၁၅ ရလဒ်တွေကို ဦးလှသိန်းကော်မရှင်ကို လွှဲပေးခဲ့တယ်၊ တကယ်ဖြစ်သင့်တာ ကတော့ ဦးလှသိန်း ကော်မရှင်အနေနဲ့ကလည်း ဒီကြားကာလမှာ အမှုကို စီရင်မလား မစီရင်မလားဆိုတာ ဆုံးဖြတ်မလား မဆုံးဖြတ်မလားဆိုတာ စဉ်းစားရမယ့် အခြေအနေရောက်နေတယ်၊ အဲမှာလည်း အားသာချက် အားနည်းချက် နှစ်ခုရှိတာပေါ့ဗျာ၊ မဆုံးဖြတ်ပဲနဲ့ အရင်အစဉ်အလာအတိုင်း နောက်ကို လွှဲရင်လည်း အမှုတွေကို မဆုံးဖြတ်ပဲ အချိန်ဆွဲထားတယ်လို့ ပြစ်တင်ခံရနိုင်တာတွေရှိတယ်၊ ဆုံးဖြတ်လို့ရှိရင်လည်း တိုင်ကြားတဲ့သူက သူရှုံးတဲ့အခါကြရင်လည်း အရင်တုန်းကဆိုရင် ရွေးကောက်ပွဲကျင်းပတဲ့ကော်မရှင်က ဆုံးဖြတ်တာမဟုတ်ဘူး၊ နောက်ကော်မရှင်က ဆုံးဖြတ်တာ သူတို့ကိုသပ်သပ်ဖိနှိပ်ပါတယ်လို့ ပြန်ပြောမယ့်ဟာလည်းရှိတယ်၊ အဲတော့ ဦးလှသိန်းကော်မရှင်အနေနဲ့  နိုင်ငံရေးအရ ဖြစ်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ သေချာစဉ်းစားပြီး လုပ်ဖို့လိုမယ်လို့ ကျနော်ထင်တယ်"

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း (၉)၊ ပုဒ်မ ၃၉၉ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အငြင်းပွားမှုတွေကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောာက်ပွဲခုံအဖွဲ့တွေကို ဖွဲ့စည်းနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။  ပုဒ်မ ၄၀၂ မှာတော့ ရွေးကောာက်ပွဲခုံအဖွဲ့ရဲ့  ဆုံးဖြတ်ချက်နဲ့ အမိန့်တွေဟာ အပြီးပြတ်အတည်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

တိုင်ကြားစာပေးပို့ထားတဲ့ နိုင်ငံရေးပါတီကြီးတွေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကတော့ ရွေးကောက်ပွဲ မတရားမှုတွေ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ မျှတမှုရှိ မရှိ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။