ဦးသန့် အရေးအခင်း စာအုပ်ထုတ်ဝေ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ရဲ့ နောက်ဆုံး ဈာပနကာလ အတွင်း မြန်မာနိုင်ငံက ရဟန်းရှင်လူတွေ လှုပ်ရှားခဲ့ပုံတွေကို ရေးသားထားတဲ့ "ဦးသန့်အရေး လှုပ်ရှားမှုမှတ်တမ်း" စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ HOME ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

2012.12.04
uthant-book-pro-305 uthant-book-pro-305
Photo: RFA

အဲဒီစာအုပ်မှာ ဦးသန့်အရေးတော်ပုံအတွင်း ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်၊ ဦးသက်လှိုင်တို့ ရေးသားထားတဲ့ မှတ်တမ်းဆောင်းပါးတွေအပြင် အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့သူတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တချို့လည်း ပါဝင်ပါတယ်။

မျိုးဆက်သစ်ပြည်သူတွေကို ဦးသန့်နဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတွေ သိစေချင်တဲ့အတွက် ဒီစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်တယ်လို့  ၁၉၇၄ခုနှစ် ၊ ဦးသန့်အရေး ကျောင်းသားလှုပ်ရှားမှု ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ၃၈နှစ်မြောက် ဦးသန့်အရေးလှုပ်ရှားမှု အထိမ်းအမှတ် ဖြစ်မြောက်ရေးကော်မတီမှ ဦးရာကျော်က ပြောပါတယ်။

" ဦးသန့်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်တဲ့အပြင်  ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ် ဦးနုတို့နဲ့ အတူ ပူးတွဲလှုပ်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ခေတ်စမ်းစာပေနယ်ပယ်မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး တစ်ဦးလည်းဖြစ်သလို စာနယ်ဇင်းသမားတစ်ဦးအဖြစ်လည်း သိရှိကြပါတယ်။

ဦးသန့်အရေးအခင်းစာအုပ်နဲ့ ပတ်သက်ပြီး ဒီကနေ့ အခမ်းအနားကို တက်ရောက်လာသူတစ်ဦးဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမား ၊ စာရေးဆရာကြီး ဦးသာပန်းက RFA ကို အခုလိုပြောပါတယ်။

" ဦးသန့်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးလုပ်ခဲ့တာက အားလုံးသိပြီးတဲ့အတိုင်းပေ့ါ၊ ဒီစာအုပ်မှာရေးထားတာကတော့ လှုပ်ရှားမှုအကြောင်းပေါ့လေ ဦးသန့်ဟာကြိုးစားလို့၊ လုံးလစိုက်လို့ ဦးသန့်ဆိုတာဖြစ်လာတာပဲ၊ ဦးသန့်လှုပ်ရှားမှုဟာ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သမိုင်းမှတ်တိုင်တစ်ခုလို့ပဲမှတ်ယူရမှာပဲ "

ဦးသန့်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံ စစ်အေးကာလ တိုက်ပွဲပြင်းထန်နေချိန် ကျူးဘားအရေးအခင်းမှာ စစ်ဖြစ်တော့မယ့် အနေအထားကနေ ကာကွယ်တားမြစ်ပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။

ဦးသန့် ကွယ်လွန်ချိန်က ဦးနေဝင်းအစိုးရလက်ထက်ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်သယ်ဆောင်လာတဲ့ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို အစိုးရသတ်မှတ်တဲ့နေရာမဟုတ်ဘဲ ဦးသန့်နဲ့ ထိုက်တန်တဲ့နေရာမှာ သဂြိုဟ်ခွင့်ရဖို့ ကျောင်းသားရဟန်းရှင်လူ ပြည်သူအများအပြားက လှုပ်ရှားခဲ့ကြပါတယ်။  အဲ့ဒီ လှုပ်ရှားမှုရဲ့ ၃၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဦးသန့်အခမ်းအနားကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကျရင် ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ပေါက်စေတီကျောင်းတိုက်မှာ ကျင်းပပြုလုပ်ဖို့ရှိပါတယ်။

ဦးသန့်ဈာပနလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။