လွှတ်တော်ကိုယ်စားလှယ်တွေ ကို ပြည်သူ့လွှတ်တော် ဥက္ကဌ သတိပေး
2017.02.21

လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က သတိပေးလိုက်ပါတယ်။
ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တင်သွင်းထားတဲ့ ပြည်သူလူထုတွေကို သက်ဆိုင်ရာဌာနတွေက ပညာပေးအစီအစဉ်တွေအတွက် သီးသန့်ဘတ်ဂျက်ထည့်သွင်းလျာထားပြီး စနစ်တကျ ပညာပေးအစီအစဉ်တွေပြုလုပ်ပေးဖို့ အဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီးနောက် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က သတိပေးတာဖြစ်ပါတယ်။
အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဝန်ကြီးဌာနတွေအနေနဲ့ ပြည်သူလူထုကို ပညာပေးအစီအစဉ်တွေ ပြုလုပ်တာနေတာကြောင့် အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားရှိဖို့ ပြောကြားတာကို အဆိုတင်သွင်းသူ ဒေါ်ယဉ်မင်းလှိုင်က ကိုယ်စားလှယ်ရဲ့ တာဝန်အရ အဆိုကိုတင်သွင်းထားတာဖြစ်ပြီး အကောင်အထည်ဖော်ဖို့ အစိုးရဝန်ကြီးဌာနရဲ့ တာဝန်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒေါ်ယဉ်မင်းလှိုင်တင်သွင်းတဲ့ အဆိုဟာ ရည်ရွယ်ချက်နဲ့ စေတနာ ကောင်း မွန်ပေမယ့် အဆိုအောင်မြင်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ အကြောင်းအရာ တစ်ခုခုကို တိတိကျကျ တင်သွင်းဆွေးနွေးဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပြီး အဆိုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။