ဝ တိုင်းရင်းသားတွေ သွားလာခွင့် မရအောင် တားမြစ်မှုတွေရှိနေ

ဒီလဆန်းပိုင်းကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆန်းမြို့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေထိုင်ကြတဲ့ ဝ တိုင်းရင်းသားတွေ ကျိုင်းတုံဒေသကို ဝင်ထွက်သွားလာခွင့်မရအောင် စစ်ဆေးရေးဂိတ်တွေက တားမြစ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ လားရှိုးရုံးဆက်ဆံရေး တာဝန်ခံ ဦးညီရမ်း က ဒီနေ့ ပြောပါတယ်။

တရားဝင်စာနဲ့ ထုတ်ပြန်ကန့်သတ်တာမျိုး မဟုတ်ဘဲ မှတ်ပုံတင်မှာ ဝ လူမျိုးလို့ ဖော်ပြထားသူတွေကို စစ်ဆေးရေး ဂိတ်တွေက ဖြတ်သန်းခွင့် မပေးတာဖြစ်တယ်လို့ ဦးညီရမ်းက ပြောပါတယ်။

"တရားဝင်စာနဲ့ အကြောင်းကြာတာတော့ မရှိပါဘူး။ မိုင်းခတ်-ကျိုင်းတုံလမ်းကြားမှာရှိတဲ့ ဂိတ် ၃ ဂိတ်ရှိတယ်လို့ ပြောသံကြားတယ်။ ကျနော်တို့ ဝ လူမျိုး မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေ ဖြတ်သန်းသွားလာခွင့် မပြုဘူးပေါ့နော်"

လက်ရှိအချိန်ဟာ နှစ်သစ်ကူးကာလဖြစ်တဲ့အပြင် ကျောင်းပိတ်ရာသီဖြစ်တာကြောင့် ပန်ဆန်းနဲ့ ကျိုင်းတုံကို သွားလာမှုတွေ များပြားနေတဲ့အချိန်ဖြစ်တဲ့အတွက် စစ်ဆေးရေးဂိတ်တွေက သွားလာခွင့်မပြုတာကြောင့် လမ်းတဝက်ကနေ ပြန်လာရသူတွေရှိနေတယ်လို့ ပြောပါတယ်။

အခုလိုပိတ်ပင်လိုက်တာကြောင့် ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် သွားလာရေး အဆင်မပြေမှုတွေ ကြုံတွေ့နေရကြောင်းနဲ့ ကျိုင်းတုံဘက်ကနေ ဝ ဒေသကို သယ်ယူတဲ့ ထိုင်းနိုင်ငံထုတ် အသုံးအဆောင်ပစ္စည်းတွေ တင်ဆောင်မှုပိုင်းမှာလည်း အခက်အခဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။

အဲဒီလို ကန့်သတ်ခံထားရတဲ့ အခြေအနေတွေကို UWSA ဌာနချုပ်က အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကို အသိပေး အကြောင်းကြားသွားမှာဖြစ်တယ်လို့လည်း ဦးညီရမ်းက ပြောပါတယ်။