စမုံဆည်ကျိုးလို့ သာစည်မြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်က ရွာပေါင်း နှစ်ဆယ်ကျော် ရေနစ်မြုပ်

RFA Burmese
2024.09.12
စမုံဆည်ကျိုးလို့ သာစည်မြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်က ရွာပေါင်း နှစ်ဆယ်ကျော် ရေနစ်မြုပ် ဝမ်းတွင်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
Voice Of Wundwin Photo

[Update: 9: 35 PM, Sep 18, 2024]

မန္တလေးတိုင်း သာစည်မြို့နယ်က စမုံဆည်တမံ ကျိုးသွားတာကြောင့် သာစည်မြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်က ကျေးရွာပေါင်း နှစ်ဆယ်ကျော် ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းကတည်းက အလယ်ကန်၊ ကြွယ်ကန်၊ ကျောက်အိုး၊သပြေသာ၊ ဂုဏ်ရွာ၊ ကံစွယ်၊ သရက်၊ ဆူးပန်း၊ ရိုးရွာ၊ ရိုးစုံ၊ သပြေသာနဲ့ ညောင်အုပ်ဖီးရွာစတဲ့ ရွာပေါင်း နှစ်ဆယ်ကျော်ကို ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ရေအနက် ရှစ်ပေနီးပါး ဝင်ရောက်နေသလို ရေစီးသန်နေတာကြောင့် ကယ်ဆယ်ရေးတွေ ရောက်မလာသေးဘူးလို့ ဝမ်းတွင်းမြို့က လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

" တစ်ထပ်အိမ်တွေအကုန် ရေမြုပ်နေပြီတဲ့။ အကုန်လုံး အထပ်မြင့်တွေမှာ စုပြီးနေနေကြတယ်လို့ ကြားတယ်။ မိုးကလည်းရွာ၊ ရေစီးကလည်းသန်တော့ ကယ်ဆယ်ရေးသွားဖို့ကလည်း မလွယ်ဘူးဖြစ်နေတယ်"

ရွာပေါင်းနှစ်ဆယ်ကျော်မှာ ဒေသခံ တစ်သောင်းကျော် နေထိုင်ပြီး အများစုဟာ မရွှေ့မပြောင်းနိုင်တာကြောင့် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

ရာဂီမုန်တိုင်း အရှိန်ကြောင့် မန္တလေးတိုင်းအတွင်းက ဝမ်းတွင်း၊ သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ်နဲ့ ကျောက်ဆည်မြို့တို့မှာ ရေကြီးနစ်မြုပ်နေပြီး နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၄ ဦးထက်မနည်းရှိနေပါတယ်။

ဒါ့အပြင် ရေနစ်မြုပ်မှုမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်နိုင်ဖို့အတွက် လုံလောက်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေမရှိတာကြောင့် မြို့ပေါ်ရပ်ကွက်တချို့ကိုသာ သွားရောက်အကူအညီပေးနိုင်တယ်လို့ ဝမ်းတွင်းမြို့မှာ ရေဘေးကူညီနေသူတွေက ပြောပါတယ်။

မန္တလေးတိုင်းအတွင်းက ရေကြီးနစ်မြုပ်မှုတွေကို ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အခြေအနေ သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

(မှတ်ချက် - ဝမ်းတွင်းမြို့နယ်က စမုံဆည်ဟု ရေသားထားသည်ကို သာစည်မြို့နယ်က စမုံဆည်ဟု ပြင်ဆင်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။