ရန်ကုန်မှာ ဇန်နဝါရီလအတွင်း လူငယ် ငါးရာနီးပါး ဖမ်းဆီးခံရ
2025.02.04

ရန်ကုန်မြို့မှာ ဇန်နဝါရီလအတွင်း လူငယ်ငါးရာနီးပါး (၄၇၅ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network က ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းထဲက တာမွေ၊ သာကေတ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ အလုံနဲ့ အင်းစိန်မြို့နယ်တွေမှာ ဖမ်းဆီးခံရမှုအများဆုံးဖြစ်တယ်လို့ ပြောပါတယ်။
လူငယ်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနေတဲ့အတွက် အပြင်မထွက်ကြဖို့ နဲ့ စစ်မှုထမ်းအတွက် ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ Rangoon Scout Network က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူတို့တွေ တစ်ချိန်လုံး ချောင်းနေကြတယ်ဆိုတာ သတိပြုစေချင်ပါတယ်ဗျ။ စစ်တပ်နဲ့ ရဲတွေအပြင် ပျူအဖွဲ့ဝင်တွေကိုပါ လိုက်ဆွဲဖို့ ခိုင်းထားတာပါ။ ဆွဲပြီးလို့ ပြန်လွှတ်ဖို့ဆို ဆယ်သိန်းကနေ သိန်း ၃၀ ထိ ငွေညစ်ကြပါတယ်။ မပေးနိုင်ရင် စစ်မှုထမ်းထဲ တန်းထည့်ပါတယ်ဗျ။ ပိုဆိုးတာက လျှပ်စစ်မီးကလည်း မလာတော့ မှောင်ပါတယ်။ အဲ့ကြောင့် ညဘက်တွေ သိပ်မထွက်ကြပါနဲ့ လူပြတ်တဲ့နေရာတွေ မသွားကြပါနဲ့လို့ပဲ ပြောချင်ပါတယ်ဗျ”
စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဖို့အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခဲ့ရာမှာ ၄၇၅ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၅၈ ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၃၉၇ ဦးရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
လမ်းမတွေပေါ်မှာ အတင်းအဓမ္မ လိုက်လံဖမ်းဆီးခံရသူ ၂၄၁ ဦး၊ ဧည့်စာရင်းစစ်ရာကနေ ဖမ်းဆီးခံရသူ ၇၇ ဦး၊ လမ်းသွားရင်း စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၅၈ ဦး၊ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၅၁ ဦးနဲ့ စစ်မှုထမ်းစာရင်းမှာပါလို့ ဖမ်းဆီးခံရသူ ၄၈ ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံသူ စာရင်းအချက်အလက်တွေကို Rangoon Scout Network ရဲ့ ချိတ်ဆက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေအပြင် မြေပြင်သတင်းပေးပို့သူတွေဆီက အတည်ပြုရရှိတဲ့စာရင်းတွေကို စုစည်းထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အထိ ဖွင့်လှစ်ထားပြီး စစ်သင်တန်းတက်နေသူတွေအထဲ အတင်းအကျပ် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ စစ်မှုထမ်းအခြေအနေ စောင့်ကြည့်လာသူတွေက ပြောပါတယ်။