၁၀၂၇ စစ်ရေးရည်မှန်းချက်တွေ ဆက်အကောင်အထည်ဖော်မယ်လို့ လက်နက်ကိုင်တပ်တွေပြော

RFA Burmese
2024.10.27
၁၀၂၇ စစ်ရေးရည်မှန်းချက်တွေ ဆက်အကောင်အထည်ဖော်မယ်လို့ လက်နက်ကိုင်တပ်တွေပြော သီပေါမြို့နယ် အမှတ် ၂၃ ခြေလျင်တပ်ရင်းရှေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA News

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ ဦး ဆောင်ပြီး ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်တွေထဲမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့၊ ဒေသတွေကို ပိုမိုထိန်းချုပ်နိုင်ဖို့၊ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဟန့်တားနိုင်ဖို့၊ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ နိမ်နင်းဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

စစ်ဆင်ရေး တစ်နှစ်တာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၃၈ မြို့အထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

"တိုက်ပွဲတွေဟာ တဖြည်းဖြည်း နေပြည်တော်ကို ဦးတည်ပြီး ချဉ်းကပ်လာတော့မယ်”

၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုတွေ ရခဲ့သလို တစ်နိုင်ငံလုံး စစ်အာဏာရှင်ဖြုတ်ချနိုင်တဲ့အထိ ဆက်လက်လုပ်ဆောင်မယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရ လွေးယေဦးက RFA ကို ပြောပါတယ်။

"ရှေ့ဆက်သွားမဲ့လုပ်ငန်းစဉ်တွေကတော့ နံပါတ်တစ် ကတော့ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ စစ်အာဏာရှင်စနစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းတဲ့အထိ ကျွန်မတို့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလာမဲ့ ၂၀၂၅ ကျတော့ ကျွန်မတို့ မျှော်မှန်းထားတာက အရပ်သားပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့မှ ကြားကာလ တော်လှန်ရေးအစိုးရကို ဖော်ဆောင်နိုင်ဖို့ ကျွန်မတို့ ကြိုးပမ်းနေတာဖြစ်ပါတယ်"

TNLA က မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံ၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို ၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့ တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး တအာင်းဒေသရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ဟာ မန္တလေးတိုင်းထဲ အခြေချလာနိုင်ပြီး စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကို သိမ်းပိုက်ထားပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo:  MDY-PDF)
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: MDY-PDF)

မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်ရေးရည်မှန်းချက်တချို့ အောင်မြင်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ ရဲ့ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာက ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအတွက် ထူးခြားတဲ့နှစ် တစ်နှစ်ဖြစ်တယ်ပေါ့နော်။ တစ်နှစ်တာပြည့်ခဲ့တဲ့အချိန်မှာတော့ ကျွန်တော်တို့ စစ်ရေး ရည်မှန်းချက်တချို့ကိုတော့ အထိုက်အလျောက် အကောင်ထည်ဖော်နိုင်ပြီ၊ ပေါက်မြောက်အောင်မြင်ပြီလို့ ပြောလို့ရတယ်ပေါ့နော်။ ရာနှုန်းအားဖြင့်တော့ ကျွန်တော်တို့ ပြောဖို့ ခက်ပါလိမ်မယ်။ သို့ပေမဲ့ ဒီတစ်နှစ်တာ ကာလအတွက် အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုရှိတဲ့ အောင်မြင်မူရှိတဲ့ နှစ် တစ်နှစ်လို့ ပြောလို့ရပါတယ်ဗျ"

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ၁၀၂၇ စစ်ဆင်ရေးဟာ တစ်နှစ်ပြည့်ခါနီးမှာ MNDAA နဲ့ TNLA တို့ တိုက်ပွဲ အရှိန်လျော့ကျသွားပေမဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပါတယ်။


ဆက်နွှယ်သောသတင်းများ

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှု ဂရုစိုက်မှာမဟုတ်ကြောင်း မြောက်ပိုင်းအဖွဲ့တွေ တုံ့ပြန်

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့မှာ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့ ဗုံးကြဲတိုက်ခိုက်ခံရ

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၃၃ ဦး သေဆုံး


ချင်းပြည်နယ် ပလက်ဝမြို့အပါအ၀င် ရခိုင်ပြည်နယ်က ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့မြို့တွေကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် စစ်ရေးအတွေ့အကြုံတွေရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) နဲ့ ပူးတွဲစစ်ဆင်ရေးတွေလုပ်ခဲ့တဲ့ Generation Z - GZ တပ်တော်ရဲ့ စစ်ဦးစီးချုပ်ကိုအောင်ကျော်မျိုးထက်က RFA ကို ပြောပါတယ်။

“အဓိက ကတော့ ရန်သူကို အလဲထိုးနိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက်ထိ တည်ဆောက်ဖို့လိုတယ်၊ ကျွန်တော်တို့ ဘယ်လိုတည်ဆောက်ရမယ်၊ အဲဒါကို ကျွန်တော်တို့ ကောင်းကောင်းနားလည်တာပေါ့။ အရင်တုန်းကတော့ဆိုရင် ကျွန်တော်တို့ နယ်မြေမှာ ထိထိရောက်ရောက်မလုပ်နိုင်ဘူးပေါ့။ အခုဆိုရင်တော့ အရင်ကထက် အများကြီး ပိုပြီးတော့ တော်လှန်ရေးကို နယ်မြေစိုးမိုးမှုရအောင်၊ ဒီအတွေ့အကြုံကပဲ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်အောင် လမ်းပြပေးပါတယ်”

AA ဆီကရခဲ့တဲ့ စစ်ရေးအတွေ့အကြုံနဲ့ ကိုယ်ရဲ့နယ်မြေဒေသတွေမှာ စစ်ဆင်ရေးတွေလုပ်နေပြီလို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် မဲတောင်ဗျူဟာအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်အပြီး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: Telegram/ AA Info Desk)
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် မဲတောင်ဗျူဟာအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်အပြီး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: Telegram/ AA Info Desk)

ဒီစစ်ဆင်ရေးကာလအတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုင်နိုင်ခဲ့တာ ဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) က ဒီတစ်နှစ်အတွင်း ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေအပါအဝင် မြို့ပေါင်း ဆယ်မြို့ကို ထိန်းချုပ်ထားပါတယ်။

တရုတ်ရဲ့ဖိအားပေးမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေအရှိန်လျော့သွားပေမဲ့ နေပြည်တော်ကို ဦးတည်တဲ့ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။

"၁၀၂၇ စစ်ရေးလှုပ်ရှားမှုမှာ တရုတ်ရဲ့ စွက်ဖက်မှုကြောင့် ရှမ်းမြောက်ဘက်မှာ တိုက်ပွဲတွေ တစ်စုံတစ်ရာ တုံ့ဆိုင်းသွားမှုတွေ ရှိပေမဲ့ တခြားဘက် သီးသီးမှာရှိနေတဲ့ အင်အားစုတွေရဲ့ တိုက်ပွဲတွေက တစ်ပြည်လုံးမှာ ညီညီညာညာ ဆက်လက်ပြီး တိုက်နေတယ်။ အဲဒါကြောင့် တိုက်ပွဲတွေဟာ တဖြည်းဖြည်း နေပြည်တော်ကို ဦးတည်ပြီး ချဉ်းကပ်လာတော့မယ်”

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ အောက်တိုဘာလ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်နက်ကိုင်တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်ဘဲ တုံ့ပြန်မဲ့အကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ကိုးနှစ်မြောက် နှစ်ပတ်လည်နေ့မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။