၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့မှာ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့ ဗုံးကြဲတိုက်ခိုက်ခံရ
2024.10.27
စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေ လက်လွှတ်ခဲ့ရတဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ အောက်တိုဘာလ ၂၇ ရက် ဒီနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နမ့်ခမ်းမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ထားပြီး လောက်ကိုင်မြို့ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်ထားတာပါ။
စစ်ကောင်စီတပ်က လောက်ကိုင်မြို့နယ် တာရွှေထန်ရွာနဲ့ မြို့ပေါ်ကျင်ကျန်းရပ်ကွက်နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း သတိပေး အချက်ပြပစ်ခတ်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်မတော် (MNDAA) က စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံအများအပြား ပျက်စီးပြီး အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရတယ်လို့ အောက်တိုဘာလ ၂၇ ရက် ဒီနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။
အလားတူ နမ့်ခမ်းမြို့အတွင်းမှာလည်း စခန်းသစ်ကုန်းနဲ့ အနီးနားက နေရာတွေကို ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ လာရောက်တိုက်ခိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ့်ခမ်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“စခန်းသစ်ကုန်းနဲ့ အနီးတစ်ဝိုက်ကို သုံးကြိမ်လာကြဲသွားတယ်။ လေယာဉ်သုံးစင်းနဲ့ လာတာ။ လူတော့ ထိခိုက်မှု မရှိဘူး။ အိမ်တွေ ပျက်တာတော့ရှိတယ်”
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း နမ့်ခမ်းမြို့လေကြောင်းတိုက်ခိုက်မှုကို အတည်ပြုထားပြီး ထိခိုက်ပျက်စီးမှုကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်း မောင်ကို RFA ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီက အဲဒီမြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို လေကြောင်းကနေ လည်း နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။