၂၀၂၄ မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုများလာ
2024.10.25
အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေ အခု ၂၀၂၄ ခုနှစ်မှာ အရင်နှစ်တွေထက် ပိုများနေတာ တွေ့ရပါတယ်။
ဒီနှစ် ဇန်နဝါရီလဆန်းကနေ အောက်တိုဘာလ ၇ ရက်နေ့အထိ ဆယ်လအတွင်း အရပ်သားတွေ အစုလိုက် အသတ်ခံရတဲ့ဖြစ်ရပ်တွေကိုပေါင်းလိုက်ရင် ၄၃၅ ဦးအထိရှိတယ်လို့ လွတ်လပ်တဲ့သုတေသန အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းရဲ့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ၂၅ ဦးနဲ့ စစ်ကိုင်းတိုင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့က မြောင်မြို့နယ် ဇရပ်ကုန်းရွာကို ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးတာနဲ့ ထည့်ပေါင်းရင် ၄၆၆ ဦးအထိ ရှိနေပါတယ်။ ဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းထားတဲ့နှစ်တွေအတွင်း အများဆုံး ဖြစ်နေတာ တွေ့ရပါတယ်။
"လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် မြေပြင်မှာပါ စစ်ကြောင်းထိုးပြီးတော့ အရပ်သားပြည်သူလူထုတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ"
၂၀၂၁ ခုနှစ်မှာ ၁၁၃ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၂၄၅ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၃၇၉ ဦး သေဆုံးခဲ့တယ်လို့ ISP Myanmar ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေကို လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ရွာတွေမှာ စစ်ကြောင်းတွေဝင်တဲ့အခါ ရွာသားတွေကို ဖမ်းဆီး မီးရှို့သတ်ဖြတ် တာတွေကြောင့် ဒီဖြစ်ရပ်တွေ ပေါ်ပေါက်နေတာပါ။
လတ်တလောဖြစ်ရပ်က စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က ဘုတလင် စီပါရွာကို စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အားတစ်ရာလောက်ပါတဲ့ စစ်ကြောင်း ဝင်ရောက်စီးနင်း ပြီး အရပ်သား ခြောက်ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။ အဲဒီ စစ်ကြောင်းရဲ့ သတ်ဖြတ်မှုကြောင့် ဘုတလင်မြို့က ခြောက်ဦး၊ မြောက်ကျီရွာက ခုနစ်ဦး၊ စီပါရွာက ခြောက်ဦး၊ တရော်တောရွာက နှစ်ဦး၊ ဆည်တောရွာက တစ်ဦး စုစုပေါင်း ၂၂ ဦးသေဆုံးခဲ့ပြီး စာရင်းထဲ မပါသေးတဲ့သူတွေလည်း ရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စီပါရွာမှာ အသတ်ခံရတဲ့သူတွေက အသက် ၇၀ အရွယ် ဦးတင်လှိုင်၊ ဦးကြောင်ပိုနဲ့ အသက် ၆၀ အရွယ် ဦးရာစိန်၊ ဦးဌေးလွင်တို့ အပြင် အမည်မသိရသေးတဲ့ လူငယ်အမျိုးသားနှစ်ဦး ဖြစ်ပါတယ်။
သူတို့ဟာ စစ်ကောင်စီတပ်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။
"လူကိုလူလို မမှတ်တော့ဘူးလေ။ တိရစ္ဆာန် သာသာလုပ်သွားတာ။ အသက် ၇၀ ကျော်တွေ၊ ၆၀ ကျော်တွေ အစုံပဲလေ။ ပိုးစိုးပက်စက်လုပ်သွားတာ။ လူသားစာနာမှုကတော့ လုံးဝမရှိတော့ဘူး။ ဘာမှကို မပြောပြ တတ်အောင်ကို ဆိုးနေတာ"
နောက်ဖြစ်ရပ်တစ်ခုကတော့ တအာင်းအမျိုးသားတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ခမ်းမြို့မှာပါ။ အဲဒီမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်။
တစ်ခါ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိ စစ်ဘေး ဒုက္ခသည်စခန်းကို စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ ဗုံးကြဲခဲ့လို့ ကလေး ခုနစ်ဦး အပါအဝင် ကိုးဦးကျော် သေဆုံးခဲ့ပါတယ်။
အစုလိုက်သေဆုံးရတဲ့ဖြစ်ရပ်တွေဟာ အခုနှစ် မေလ တစ်လတည်းမှာပဲ ၁၇၆ ဦးအထိရှိခဲ့ပါတယ်။
မေလ ၉ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၃၂ ဦး သေဆုံးခဲ့ပါတယ်။
မေလ ၁၉ ရက်နေ့မှာလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အရပ်သား ခုနစ်ဆယ်ကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဆက်နွှယ်သောသတင်းများ
လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း လူနှစ်ရာကျော် သေဆုံး
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံး
စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး စစ်ဘေးဒုက္ခသည်တွေ မယုံကြည်
ဗျိုင်းဖြူရွာမှာ AA ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသားတွေကိုဖမ်းပြီး သေနတ်နဲ့ ပစ်သတ်သလို၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်ရပ်မှာ ခင်ပွန်းသည်နဲ့ မောင် သေဆုံးသွားတဲ့ အမျိုးသမီးက တရားမျှတမှုလိုချင်တယ်လို့ RFA ကို ပြောပါတယ်။
“အလောင်းကိုတော့ မမြင်ရပါဘူး။ လူတွေပြောတာကတော့ မီးရှို့ပစ်ခဲ့တယ်လို့ ကြားတယ်။ ကျွန်မ အိမ်ရှင်ရဲ့ ပုဆိုးနဲ့ အင်္ကျီကို ကျွန်မတို့ ရအောင်သွားယူခဲ့ပါတယ်။ ဒါက နင့်ယောက်ျားရဲ့ ပုဆိုးနဲ့ အင်္ကျီလို့ပြောပါတယ်။ အခုကျွန်မတို့လက်ထဲမှာရှိပါတယ်။ ကျွန်မ အရမ်းခံစားရပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ခံစားရသလို မခံစားရပါစေနဲ့လို့ ပြောချင်ပါတယ်။ နောက်ထပ် မြို့တွေ ရွာတွေမှာလည်း ကျွန်မတို့ ဗျိုင်းဖြူရွာမှာ ဖြစ်ပျက်သလို မခံစားရအောင် ကူညီပေးပါလို့ နိုင်ငံတကာကို ပြောချင်ပါတယ်"
ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦး က သုံးသပ်ပါတယ်။
"အရပ်သားပြည်သူတွေကို ဒီလိုမျိုး လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒီလိုလုပ်ခဲ့ရင် ဒါက စစ်ရာဇဝတ်မှုပဲ။ နိုင်ငံတကာဥပဒေရဲ့ စစ်ရာဇဝတ်မှုပဲ"
အခုလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အစုလိုက် အပြုံလိုက်သေဆုံးရတယ်လို့ ပြောဆိုချက်တွေအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
NUG သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ စစ်ကောင်စီဟာ နယ်မြေတွေ ဆုံးရှုံးလိုက်ရတာနဲ့ အမျှ စစ်ရာဇဝတ်မှုတွေကို ပိုပြီးလုပ်လာတယ်လို့ ပြောပါတယ်။
"အရှုံးကြီးရှုံးနေတဲ့အချိန်မှာ အရပ်သားပြည်သူလူထုကို စစ်ရာဇဝတ်မှုကို ပိုမိုတိုးချဲ့ပြီးလုပ်လာတာပေါ့။ ပြည်သူတွေကို Target (ပစ်မှတ်) ထားပြီးတော့ သတ်ဖြတ်တာတွေလုပ်လာတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် မြေပြင်မှာပါ စစ်ကြောင်းထိုးပြီးတော့ အရပ်သားပြည်သူလူထုတွေကို ရက်ရက် စက်စက် သတ်ဖြတ်တာ"
စစ်ကောင်စီအနေနဲ့ PDF တွေကို ပြည်သူတွေမထောက်ခံရဲအောင် အကြောက်တရားသွင်းနေတာလို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ထောက်ပြပြောပါတယ်။
"စစ်တပ်ရဲ့ ဒါဗျူဟာတစ်ခုဖြစ်တယ်ပေါ့နော်။ ဒီလိုရက်စက်ကြမ်းကြုတ်ပြီးတော့မှ လူတွေကိုကြောက် သွားအောင်၊ စစ်တပ်ကို သတင်းပေးလာအောင်ကို ဒီဘက်က တော်လှန်ရေးတပ်တွေနဲ့ PDFတွေကို မပူးပေါင်းရ အောင်ဆိုပြီးတော့ ဗျူဟာကိုသုံးတယ်ပေါ့နော်။ ဒါက ခြိမ်းခြောက်တဲ့ နည်းတစ်ခုပဲပေါ့"
စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို ပြည်တွင်းကတရားဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးမယူနိုင် တာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၆ ရက်က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပတဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ တောင်းဆိုထားပါ တယ်။
စစ်ကောင်စီဟာ စစ်ရှုံးတာတွေ ဆက်တိုက်ကြုံနေတာကြောင့် အရပ်သားတွေကို ဦးတည်တိုက်ခိုက်တဲ့ လုပ်ရပ်တွေ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ကာကွယ်ရေးတပ်တွေက သုံးသပ်ပါတယ်။