လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း လူနှစ်ရာကျော် သေဆုံး
2024.09.08
၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်ဖြစ်ပွားတဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၇ ရက်နေ့အထိ အချိန်နှစ်လကျော်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၁ ဦးသေဆုံးပြီး ၂၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ TPCC က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ်၊ ဈေးနဲ့ စာသင်ကျောင်းတွေ အပါအဝင် အဆောက်အအုံ စုစုပေါင်း ၁၇၂ လုံး ပျက်စီးတယ်လို့ TPCC က ဖော်ပြပါတယ်။
“သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့ ပုံစံတွေထဲမှာဆိုရင် မနက်အစောပိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှု လာလုပ်တာကို တွေ့ရတယ်"
ဒါဟာ စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေမှာနေထိုင်တဲ့ ပြည်သူလူထုကို ထိခိုက်ပျက်စီးစေလိုတဲ့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ TPCC ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂေါင်ဂျား RFA ကို ပြောပါတယ်။
“စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးရပြီး ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ထားတဲ့ မြို့တွေအပေါ် ပြည်သူ ထောက်ခံမှု မရှိအောင်။ ပြည်သူတွေ အကြောက်တလန့်နဲ့ အမြဲတမ်းနေရအောင် ရည်ရွယ်ချက်ရှိရှိတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်နေတာပါ။ ဒါက နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာပါ”
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်းမှာတင် ရှမ်းပြည်နယ် နမ့်ခမ်း၊ ဖယ်ခုံမြို့နယ်တွေနဲ့ မကွေးတိုင်း မြိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား သုံးဆယ်နီးပါး သေဆုံးခဲ့ပါတယ်။
ဆက်နွှယ်သော သတင်းများ
နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဆယ်သေဆုံး
စစ်ကောင်စီတပ်ကို နိုင်ငံတကာစစ်ခုံရုံး အမြန်တင်ပေးဖို့ IEC တောင်းဆို
စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးထပ်ကြဲ
စက်တင်ဘာလ ၈ ရက် ဒီနေ့မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အပါအဝင် မန္တလေးတိုင်း နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပါ။
နွားထိုးကြီးမြို့နယ်က အိမ်ခြေ ငါးရာနီးပါးရှိတဲ့ ဆူးရစ်ကုန်းရွာကို ဒီနေ့မနက်အစောပိုင်း ဗုံးကြဲခံရမှုမှာ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတယ်လို့ ဆူးရစ်ကုန်း ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“၁ နာရီ ၁၀ မိနစ်လောက်မှာ လေယာဥ်လာပြီးတော့ ဝဲပြီးတော့ ဗုံးကြဲသွားတာပေါ့။ အခုကြိမ်ရောဆိုရင် ငါးကြိမ်ရှိသွားပြီ ကျွန်တော်တို့ရွာက။ ရွာထဲပေါ့ လူနေအိမ်ကို တည့်တည့်ရည်ရွယ်ချက်ရှိရှိနဲ့ ကြဲတာပေါ့ဗျာ။ ၅ ရက်နေ့ ညနေက ၆ နာရီမှာ အဲအိမ်မှာ တစ်ခါကြဲပြီးသွားပြီ။ အဲအိမ်မှာ တစ်ခါကြဲတော့ အိမ်ခေါင်မိုးတွေ ပျက်သွားတယ်။ ဘေးပတ်ဝန်းကျင်တွေ နည်းနည်းပါးပါး ထိခိုက်သွားတော့ ထပ်ပြီးတော့ တစ်ခါ ရည်ရွည်ချက်ရှိရှိ အဲအိမ်ကို လုံးဝကြေမွပျက်စီးအောင် လာပြီးတော့ ပေါင် ၅၀၀ လောက်ရှိမှာပါ။ ဗုံးကျင်းကြီးက လူ့တစ်ရပ်လောက် နစ်မှာပါ။ အကျယ်ပတ်ဝန်းကျင်ကတော့ ခုနစ်တောင် ပတ်လည်လောက်ကျယ်တယ်"
ဒီနေ့မနက် ၄ နာရီခန့်မှာလည်း လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက် အားကစားကွင်းနဲ့ Silver Sky ဟိုတယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လူတွေထွက်ပြေးတိမ်းရှောင်ချိန် မရအောင် မနက်အစာပိုင်းအချိန်တွေမှာ လေကြောင်းတိုက်မျိုးတွေ လုပ်တာတာ တွေ့ရတယ်လို့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့တာဝန်ရှိသူ တာဝန်ရှိသူ ကိုမိုက် (Mike) က ပြောပါတယ်။
“သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့ ပုံစံတွေထဲမှာဆိုရင် မနက်အစောပိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှု လာလုပ်တာကို တွေ့ရတယ်။ မနက်အစောပိုင်းလို့ ပြောမယ်ဆိုရင် မနက်မိုးလင်း တစ်နာရီတို့ နှစ်နာရီတို့၊ သုံးနာရီတို့လိုမျိုး လူအိပ်ကောင်းတဲ့အချိန်တွေပေါ့နော်၊ အိပ်မောကျနေတဲ့ အချိန်တွေမှာမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်တွေကို အမြောက်အများ တွေ့ရတယ်။ ဒါဟာ လူတွေ ထွက်ပြေးတိမ်းရှောင်ဖို့ မလွယ်တဲ့အချိန်၊ ထွက်ပြေးတိမ်းရှောင်ဖို့အတွက် သတိမမူမိတဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှု လုပ်တယ်ဆိုတာကို အများစု တွေ့ရတယ်”
လေကြာင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးနေမှုကို ကာကွယ်ဖို့အတွက် စစ်ကောင်စီထံ လေယာဉ်ဆီဖြတ်တောက်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်တပ်ကလည်း လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ရှိလာတာပါ။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ ခရီးစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောပြီးနောက်မှတော့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာတာပါ။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်ခတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ အကြိမ်အကြိမ် ငြင်းဆိုထားပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားကတော့ စစ်ကောင်စီက စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သား နေရာတွေကို တိုက်ခိုက်နေတာတွေတွက် အရေးယူနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
“စစ်ဇုန်နဲ့ အရမ်းဝေးတဲ့နေရာမှာ ညပိုင်းအချိန်မှာ ဗုံးကြဲချခြင်းဟာ တကယ့်အချက်အလက်တွေ ရထားပြီးသားဖြစ်တယ်။ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပျက်စီးသေကြေစေလိုသော ရည်ရွယ်ချက်ဖြစ်တယ်၊ ရှိတယ်ဆိုတာတော့ ကျွန်တော်တို့က ဒီအချက်ကို ထောက်ခြင်းအားဖြင့် ပြောခြင်းဖြစ်ပါတယ်။ အဲတာကြောင့်မို့ ဒီဟာက စစ်ရာဇဝတ်မှု မြောက်တဲ့အပြင် လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်သော ရာဇဝတ်မှု တစ်ခုဖြစ်တဲ့ အားလျှော်စွာ ကျွန်တော်တို့ လက်သင့်ခံလို့ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ရှိနေတဲ့ အရင်းအမြစ်အားလုံးနဲ့ လုပ်နိုင်စွမ်း ပလက်ဖောင်း တစ်ချင်းစီကနေ ကျူးလွန်တဲ့သူကို အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားသွားမယ်”
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးတာတွေအပါအဝင် လူမျိုးတုံးစေတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ဆိုပြီး နိုင်ငံတကာကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။
ပြည်တွင်းမှာရှိနေတဲ့ လူအခွင့်အရေး အဖွဲ့အစည်းတွေကလည်း အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့နဲ့ စစ်ကောင်စီထံ တင်ပို့နေတဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်ဖို့ တောင်းဆိုထားကြပါတယ်။