စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးထပ်ကြဲ

RFA Burmese
2024.09.08
စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးထပ်ကြဲ လားရှိုးမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Nay Wai Soe Photo

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က အမှတ် ၁၂ ရပ်ကွက် အားကစားကွင်းနဲ့ Silver Sky ဟိုတယ်တွေကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ ရက် ဒီနေ့မနက် ၄ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိပေမဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက် လေးနာရီလောက် လေယာဉ်လာတယ် ။ မြို့ထဲ ပတ်ပျံပြီးတော့ ကြဲသွားတာ နှစ်နေရာ ကြဲသွားတာ”

ဩဂုတ်လ ၃၀ ရက်နေ့ကလည်း လားရှိုးမြို့ အမှတ် ၉ ရက်ကွက်က အ.ထ.က (၈) စာသင်ကျောင်းနဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်က နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ ခရီးစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောပြီးနောက် ဒီလိုလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်လာတာပါ။

လားရှိုးမြို့ကို ဒီတစ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြောလာတာတော့ မတွေ့ရသေးပါဘူး။

ပြည်တွင်းမှာရှိနေတဲ့ လူအခွင့်အရေးအဖွဲ့အစည်းတွေကတော့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့နဲ့ စစ်ကောင်စီထံ ပေးပို့နေတဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်ဖို့ တောင်းဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။