ထိုင်းကုန်ပစ္စည်းတွေပါတဲ့ ကုန်တင်ကား ရှစ်ရာခန့် ဘားအံမှာ ဖမ်းဆီးစစ်ဆေးခံနေရ

RFA Burmese
2025.03.12
ထိုင်းကုန်ပစ္စည်းတွေပါတဲ့ ကုန်တင်ကား ရှစ်ရာခန့် ဘားအံမှာ ဖမ်းဆီးစစ်ဆေးခံနေရ ထိုင်းနိုင်ငံ စမုစာခွန်ခရိုင်တွင် တရားမဝင် တင်သွင်းထားသည့် မြန်မာထုတ်ကုန်ပစ္စည်းဆိုင်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Bangkok Post

ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကနေဆင်းလာတဲ့ ကုန်ကား ရှစ်ရာခန့်ကို ဘားအံမြို့မှာ စစ်ကောင်စီရဲ့ တရားမဝင် ကုန်စည်တိုက်ဖျက်ရေးအဖွဲ့က မတ်လအစောပိုင်းကစပြီး ဖမ်းဆီးစစ်ဆေးနေတာလို့ ကုန်သည်တွေက ပြောပါတယ်။

"တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ အမိန့်ထုတ်တယ်"

တရားမဝင်ကုန်ပစ္စည်းနဲ့ သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ အကောက်ခွန် စာရွက်စာတမ်းကို အဓိကထားစစ်ဆေးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်ကားသမားတစ်ဦးက RFA ကို ပြောပါတယ်။

“ဂျူတီကတော့ အပြည့် ဘယ်သူမှ မဆောင်တော့ဘူးလေ။ ဘယ်ကားမှလည်း မဆောင်ဘူးလေ။ ဟိုအရင်ကတည်းက ထုံးစံပဲလေ။ ဂျူတီ အပြည့်မဆောင်ရင် သူက ဖမ်းမယ်။ အစီး ခုနစ်ရာကျော် ဖမ်းထားတယ်။ (Chemical) ဓာတုပစ္စည်း ထိသွားတယ်။ အဲဒါကြောင့် စဖမ်းလိုက်တာ။ အစီးသုံးရာကတော့ လုံးဝ ဖမ်းသိမ်းလိုက်တယ်။ ကျန်တဲ့ အစီးလေးရာလောက်က တစ်စီးကို သိန်းနှစ်ရာနဲ့ ပြန်ရွေးရတယ်။ အာဏာသိမ်းပြီး တောက်လျှောက် အဲလို ဖမ်းတာတွေ မရှိဘူး။ ဒီနှစ်မှ ဖမ်းတာ"

ဖမ်းဆီးထားတဲ့ ကုန်ကားတွေကို ဘားအံမြို့ သီရိကားဝင်းထဲမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

စစ်ကိုင်းမှာ စက်သုံးဆီ ပီပါထောင်ချီ စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီဘက်က ဖမ်းဆီးမှုကြောင့် ပြည်ပထုတ်ကုန်တွေ ပြတ်လပ်လာ

ရခိုင်တင်ပို့မဲ့ စားသုံးကုန်တွေကို စစ်ကောင်စီ ပစ်မှတ်ထား ဖမ်းဆီးနေ


တရားမဝင်ကုန်စည်တင်ပို့မှု တိုက်ဖျက်ရေးကော်မတီခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့ ကော်မတီအစည်းအဝေးမှာ တရားမဝင် ကုန်စည်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးဖို့ ပြောဆိုခဲ့ပြီးနောက် အခုလို ဆက်တိုက်ဖမ်းဆီးနေတာပါ။

ဒီလိုဖမ်းဆီးနေတာကြောင့် ကုန်တင်ပို့တားတွေ ရပ်ထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

“အခုအခြေနေက ဘာမှန်းမသိရသေးဘူး။ ဘားအံက ဖမ်းထားတဲ့ ကားတွေကလည်း အခြေအနေက ဘယ်လိုရှိမယ်ဆိုတာ သတင်းကမသိရသေးတဲ့ အပေါ်မှာ အကုန်လုံးက ရပ်တန့်သွားတာပေါ့နော်။ ဒါကလည်း ရှင်းရှင်းပြောရရင် မြန်မာတစ်နိုင်ငံလုံးပါပဲ အခုဖမ်းနေတာက။ ဒုချုပ်က ၂၇ ရက်နေ့တုန်းက အမိန့်ထုတ်တယ်။ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ အမိန့်ထုတ်တယ်။ အဲဒီ အမိန့်ထုတ်ပြီးတဲ့နောက်ပိုင်းမှာ ဘားအံမှာလည်း ဖမ်းတယ်။ တာချီလိတ်မှာလည်း ဖမ်းတယ်။ တောင်ကြီးမှာလည်း ဖမ်းတယ်။ အများဆုံးကတော့ ဘားအံဖြစ်သွားတာပေါ့"

ကုန်ပစ္စည်းတင်ပို့မှု ရပ်တန့်နေတာကြောင့် ဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်လပ်တာတွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ အခက်အခဲကြုံလာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကရင် အမျိုးသားအစည်းရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ စစ်ကောင်စီက ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ငွေရရှိနေတာကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတာလို့ RFA ကို ပြောပါတယ်။

"သူတို့လည်း နယ်မြေမထိန်းနိုင်တော့ဘူးဆိုတော့ သူတို့ ဘာလုပ်လို့ရလဲဆိုတော့ အဲဒီ နယ်စပ်ကနေထွက်လာတဲ့၊ ဝင်လာတဲ့ ကုန်စည်တွေကို အထူးသဖြင့် စီးပွားရေးသမား၊ လုပ်ငန်းရှင်တွေကနေ ပြန်ပြီးတော့ မိုက်ကြေးခွဲတာပဲဖြစ်တယ်။ သူတို့ လုပ်ချင်တာကတော့ ကျွန်တော်တို့ ဝင်ငွေတွေမရှိတော့အောင် ဆိုပြီးတော့ ကားသမားတွေ၊ လုပ်ငန်းရှင်တွေ ကျွန်တော်တို့ဆီကို မလာရဲတော့အောင်၊ ကုန်သွယ်မှု မလုပ်ရဲတော့အောင် လျှောက်လုပ်တဲ့ သဘောပါ"

KNU နဲ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဟာ မြဝတီကနေ ကော့ကရိတ်အထိ အာရှလမ်းမကြီးကို ထိန်းချုပ်ထားပြီး ကုန်ကားတွေကို အခွန်ကောက်ခံတာရှိတယ်လို့လည်း ဆိုပါတယ်။

အမည်မဖော်လိုသူ စစ်တပ်အရာရှိဟောင်းတစ်ဦးကလည်း တရားမဝင်ကုန်သွယ်မှုကနေ ကာကွယ်ရေးတပ်တွေဆီ ဝင်ငွေမစီးဆင်းအောင်နဲ့ နိုင်ငံတော်အခွန်ငွေရရှိအောင် အခုလို ဖမ်းဆီးနေတာလို့ ပြောပါတယ်။

"လမ်းတစ်လျှောက်မှာက PDF တွေရော၊ KNU ရော၊ BGF ရော အစုံပေါ့၊ တပ်ကလည်း ပါမှာပေါ့၊ အကျင့်ပျက်တဲ့သူတွေ ပါမှာပေါ့။ သူအပိုင်းနဲ့သူ လုပ်စားနေကြတာတွေက တော်တော်များကြတယ်။ အဲဒီတော့ သဘောကတော့ မီးလောင်ရာလေပင့် အဲဒီလိုတွေတော့ဖြစ်တယ်။ သဘောကတော့ ကိုယ့်ဟာကိုယ် စားလို့မပြီးဘူး။ လက်နက်ကိုင်တဲ့သူတွေပါ အားပေးသလို ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ရည်ရွယ်ချက် နှစ်မျိုးပေါ့နော်။ ပထမ တစ်မျိုးကတော့ နိုင်ငံတော်မှာ အခွန်လျော့နည်းလို့၊ ဒုတိယတစ်မျိုးကတော့ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်သူတွေအတွက် ဘဏ္ဍာငွေကြေး တောင့်တင်းမှုဖြစ်လာလို့၊ အဲဒီအကြောင်း နှစ်ကြောင်းနဲ့ အဓိက တားဆီးရတယ်လို့ ယူဆတယ်"

ဒီလိုပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဆပ်ပြာမှုန့်ထုပ် လက်ကျန်တချို့ကို ရန်ကုန်မြို့က ဈေးဝယ်စင်တာတခုမှာ တွေ့ရစဉ်။ (Citizen Photo)
ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဆပ်ပြာမှုန့်ထုပ် လက်ကျန်တချို့ကို ရန်ကုန်မြို့က ဈေးဝယ်စင်တာတခုမှာ တွေ့ရစဉ်။ (Citizen Photo)

စစ်ကောင်စီဟာ တရားမဝင် ကုန်စည်တိုက်ဖျက်ရေးကို အခုနှစ်အတွင်းမှာ ပိုလုပ်လာပြီး သတင်းပေးသူတွေကိုပါ ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတန်ဖိုးရဲ့ ၂၀ ရာခိုင်းနှုန်းကို ဆုကြေးငွေအဖြစ်ပေးမယ်လို့ သတင်းစာတွေကနေ မကြာခဏ ကြေညာထားပါတယ်။

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်းမှာ လူသုံးကုန်နဲ့ စားသောက်ကုန် အပါအဝင် တရားမဝင် ကုန်စည်တင်ပို့မှု ၉၆ မှုအထိ အမှုဖွင့်လှစ်ခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုးငွေ ကျပ် ၅၄၉၃ ဒသမ ၂၂၄ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း ကချင်၊ ကရင်၊ မွန်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ တရားမဝင်ကုန်စည်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး တရားမဝင်ကုန်ပစ္စည်းတန်ဖိုး ကျပ်‌ငွေသန်းတစ်ထောင်ကျော် (၁,၄၄၈,၇၅၇,၅၆၁) ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဒီနေ့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။