စစ်ကောင်စီဘက်က ဖမ်းဆီးမှုကြောင့် ပြည်ပထုတ်ကုန်တွေ ပြတ်လပ်လာ

RFA Burmese
2024.10.29
စစ်ကောင်စီဘက်က ဖမ်းဆီးမှုကြောင့် ပြည်ပထုတ်ကုန်တွေ ပြတ်လပ်လာ ထိုင်းနိုင်ငံ စမုစာခွန်ခရိုင်တွင် တရားမဝင် တင်သွင်းထားသည့် မြန်မာထုတ်ကုန်ပစ္စည်းဆိုင်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Bangkok Post. Photo

နယ်စပ်ကဝင်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီဘက်က တရားမဝင်ကုန်စည်ဆိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေတာကြောင့် ပြည်ပကုန်ပစ္စည်းတွေ ပြတ်လပ်လာပြီး စျေးနှုန်းလည်း အဆမတန် မြင့်တက်နေတယ်လို့ ကုန်သည်တွေနဲ့ လူသုံးကုန် ပစ္စည်းရောင်းချသူတွေက ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်းကစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းထဲမှာ ပြည်ပထုတ်ကုန် ပစ္စည်းတွေကို လမ်းကြောင်းမှာပဲ စစ်ဆေးဖမ်းဆီးတာအပြင် ဂိုဒေါင်တွေနဲ့ စျေးကွက်ထဲအထိဆင်းပြီး စစ်ဆေးဖမ်းဆီးတာတွေကို စစ်ကောင်စီဘက်က ဆက်တိုက်လုပ်နေတာလို့ ဆိုပါတယ်။

“ဒီလိုမျိုး မဖမ်းဆီးဘဲနဲ့ပေါ့။ ဒဏ်ရိုက်ပြီး အခွန်ဆောင်ခိုင်းတဲ့ ပုံစံမျိုး၊ အခွန်ဆောင်လို့ရတဲ့ ပုံစံမျိုး စနစ်တစ်ခုခု ချပေးရင်တော့ ပိုကောင်းတာပေါ့"

အထူးသဖြင့် ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ ကုန်စည်တွေ အများဆုံးဖမ်းဆီးခံနေရပြီး မန္တလေးမြို့မှာတော့ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေကိုပါ ဖမ်းဆီးနေတယ်လို့ ကုန်ပစ္စည်းမျိုးစုံ လက်လီ၊ လက်ကား ရောင်းချသူတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထိုင်းနယ်စပ်ကုန်သည်တစ်ဦးကတော့ စစ်ဆေးဖမ်းဆီးမှုတွေမြင့်တက်လာ တာကြောင့် ကုန်သွယ်မှုကို ရပ်နားထားရတယ်လို့ RFA ကို ပြောပါတယ်။

“ဒါလိုင်စင်မချပေးလို့ တရားမဝင်ဘူး ဖြစ်သွားတာလေ။ လိုင်စင်ချပေးရင် တရားဝင်လမ်းကြောင်းပေါ် တက်လာကြမှာပေါ့။ လိုင်စင်တော့ ထုတ်ပေးတယ်။ ဒါပေမဲ့ လိုချင်သလောက်ပမာဏ မရဘူးပေါ့။ တင်တာက ကျတာကြာတယ်လေ။ ခုနစ်လနဲ့ တစ်နှစ်ကြား ကြာတယ်လေ။ ကျွန်တော်က ရပ်ထားလိုက်တာပေါ့နော်”

အောက်တိုဘာလ ၉ ရက်နေ့ကပြုလုပ်တဲ့ တရားမဝင် ကုန်စည်တိုက်ဖျက်ရေး အစည်းအဝေးမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင်ကုန်သွယ်မှုကို ထိရောက်စွာတိုက်ဖျက်ဖို့ ညွှန်ကြားခဲ့ပြီးနောက် အခုလို ဖမ်းဆီးတာတွေ ပိုများလာတာလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ဈေးကွက်ထဲက အိမ်သုံးဆေးဝါးတွေ နှစ်ဆနီးပါး စျေးတက်

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား

နိုင်ငံခြားငွေလဲနှုန်းတွေ ဆက်တိုက်ကျပေမဲ့ အခြေခံစားကုန် ဈေးမြင့်နေ


အမည်မဖော်လိုတဲ့ မြ၀တီမြို့ခံ ကုန်သည်တစ်ဦးကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ပြည်ပ ကုန်စည်တွေကို အခုလိုဖမ်းဆီးတာထက် အခွန်ဆောင်လို့ရအောင် ဆောင်ရွက်ပေးစေချင်တယ်လို့ ပြောပါတယ်။

“ဒီလိုမျိုး မဖမ်းဆီးဘဲနဲ့ပေါ့။ ဒဏ်ရိုက်ပြီး အခွန်ဆောင်ခိုင်းတဲ့ ပုံစံမျိုး၊ အခွန်ဆောင်လို့ရတဲ့ ပုံစံမျိုး စနစ်တစ်ခုခု ချပေးရင်တော့ ပိုကောင်းတာပေါ့။ တကယ်တော့ စီးပွားကူးသန်းကလည်း အခွန်ဆောင်လို့ရအောင် လိုင်စင်မချပေးတဲ့အပေါ်မှာ ကုန်သည်ကတော့ ဘယ်လောက်ပဲဖြစ်ဖြစ် ပစ္စည်းအလွယ်တကူလာလို့ရအောင် အခွန်ဆောင်ချင်တာပဲ အကုန်လုံး။ ဒါပေမဲ့ အခွန်ဆောင်လို့ရအောင် စနစ်တစ်ခုခုချပေးဖို့တော့ အဲလိုမျိုး လုပ်ချင်တယ်ပေါ့နော်”

စစ်ကောင်စီဟာ နယ်စပ်က ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းတဲ့အပြင် သယ်ဆောင်လာတဲ့ ယာဉ်တွေကိုပါ သိမ်းယူနေတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ပုဒ်မ ၉ အရ တရားမဝင်ကုန်သွယ်မှုနဲ့ ဖမ်းဆီးခံရသူတွေဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးကို ချမှတ်ခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လုံခြံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က လူသုံးကုန်ပစ္စည်း လက်လီလက်ကား ရောင်းချသူတစ်ဦးကတော့ စျေးကွက်မှာ ထိုင်းနဲ့ တရုတ်ပစ္စည်းတွေ ပြတ်လပ်နေပြီး စျေးလည်းမြင့်တက်နေတယ်လို့ RFA ကို ပြောပါတယ်။

“ပြတ်တယ်၊ ပြတ်တယ်။ ယိုးဒယားပစ္စည်းတွေ ပြတ်နေတယ်။ ဒီ (ရန်ကုန်) ဘက်မှာကျတော့ မဟုတ်တမ်းတရား စျေးတွေခေါ်တယ်။ မဟုတ်တမ်းတရား စျေးတွေခေါ်လို့ ကျွန်မတို့ မကိုင်သေးဘူး ဖြတ်ထားတယ်။ တရုတ်ကလည်း ပြတ်တယ်လေ။ ပစ္စည်း ပြတ်တယ်။ စျေးနှုန်းကတော့ ခုနကလို ကိုယ့်ပိုက်ဆံရှိတဲ့ စီးပွားရေးသမားတွေရဲ့ ပါးစပ်ထဲမှာကြီးပဲလေ”

ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေထဲက လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်း အများစုဟာ စျေးကွက်ထဲမှာ ပစ္စည်းပြတ်လပ်နေပြီး စျေးနှုန်းလည်း နှစ်ဆကျော်အထိ တဖြည်းဖြည်း မြင့်တက်လာတယ်လို့ ကုန်စုံပစ္စည်း ရောင်းချသူတွေက ပြောပါတယ်။

အောက်တိုဘာဘ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ လေးရက်အတွင်းမှာတင် နိုင်ငံတစ်ဝန်း ကျပ်ငွေ သန်းကိုးရာကျော် တန်းဖိုးရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တရားမဝင်ကုန်သွယ်မှုဟာ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေ ရေရှည်ရပ်တည်ရေးကို ခြိမ်းခြောက်နေတာကြောင့် အရေးယူဆောင်ရွက်တာတွေကို ပိုပြီးကြပ်မတ် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

၂ဝ၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့မြင်ရသည့် ဘန်ကောက်မြို့တွင်းတစ်နေရာ မြင်ကွင်း။ (AFP Photo)
၂ဝ၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့မြင်ရသည့် ဘန်ကောက်မြို့တွင်းတစ်နေရာ မြင်ကွင်း။ (AFP Photo)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ ပြည်တွင်း ကုန်ထုတ်လုပ်မှု အားနည်းနေချိန်မှာ ပြည်ပ ကုန်စည်ဝင်ရောက်မှုကို တင်းကျပ်တာ မှားယွင်းတဲ့ဖြေရှင်းနည်းလို့ ဝေဖန်ပါတယ်။

“ဖမ်းရင်တော့ (စျေးနှုန်း) တက်မှာပေါ့။ ဒါကတော့ ထုံးစံပဲ။ ကုန်သည်တွေကလည်း အဲဒါပဲ စောင့်နေတယ်။ ကုန်စည် ရှားပါးမှုဖြစ်လာလေလေ သူက တက်မှာပဲလေ။ တရားမဝင် ကုန်စည်ဆိုတာလည်း ခက်တာပဲဗျ။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီးတော့ အစားထိုးနိုင်တဲ့ အချိန်ဆိုတော့လည်း တစ်မျိုးပေါ့။ ပြည်တွင်းမှာလည်း ထုတ်လုပ်မှုက အဲလောက်ကြီး မထုတ်နိုင်တဲ့ အချိန်ကျတော့ တရားမဝင်တာကို တရားဝင်အောင် ဘယ်လိုလုပ်ပေးမလဲဆိုတာဟာတော့ မရှိဘူး။ ဖမ်းမယ်ဆိုတော့ နည်းနည်းလေးတော့ အဲဒီဖြေရှင်းနည်းကတော့ မှားနေတယ်လို့ ကျွန်တော်တို့ကတော့ ဒီလိုပဲ သုံးသပ်တယ်ခင်ဗျ”

၂၀၂၂ ခုနှစ် ဇန်နဝါရီလက ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ သုံးနှစ်နီးပါးအတွင်း ကျပ်ငွေ သုံးရာဘီလီယံခန့် တန်ဖိုးရှိတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို ဖမ်းဆီးမိခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ အောက်တိုဘာလ ၄ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း အမေရိကန် ဒေါ်လာ ၉ ဒမသ ၄၈ ဘီလီယံရခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းငါးခုကို ၁၀၂၇ စစ်ဆင်ရေးစပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။