အိမ်နီးချင်းနိုင်ငံတွေအတွက် အာရက္ခတပ်တော် (AA) အရေးပါလာ

RFA Burmese
2024.10.03
အိမ်နီးချင်းနိုင်ငံတွေအတွက် အာရက္ခတပ်တော် (AA) အရေးပါလာ သံတွဲမြို့နယ်အခြေစိုက် မောင်ရွှေလေးရေတပ်စခန်းအား သိမ်းပိုက်နိုင်ကြောင်း အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA info Desk Photo

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က ၁၀ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်တွေကို သိမ်းပိုက်ထိမ်းချုပ်လာနိုင်တဲ့နောက်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အာရုံစိုက်တာခံလာရသလို၊ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ တွေ့လာရပါတယ်။

အိန္ဒိယရဲ့ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အစိုးရတို့ တွေ့ဆုံတာတွေရှိခဲ့သလို၊ (AA) နဲ့ မိတ်ဆွေဖွဲ့ပြီး အတူလက်တွဲရမယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် (Pu Lalduhoma) ပူး လာဒူဟိုးမားက စက်တင်ဘာ ၄ ရက်နေ့က အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာနေတဲ့ ချင်းလူထုနဲ့တွေ့ဆုံတဲ့ပွဲမှာ ပြောပါတယ်။

“အာရက္ခတပ်တော် (AA) ရဲ့ စစ်ရေးအောင်မြင်မှုနဲ့အတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ အိန္ဒိယနယ်စပ်ကတော့ AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီပေါ့"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုအမျိုးသားတပ်ဦးပါတီ (MNF ) ရဲ့ အထက်လွှတ်တော်အမတ် တစ်ယောက်ဖြစ်တဲ့ K. Vanlalvena (ဗန်လဲလ် ဗီနာ) ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ အာရက္ခတပ်တော် (AA) တို့ တွေ့ဆုံခဲ့ပြီး နယ်မြေလုံခြုံရေးကိစ္စတွေရော၊ ကုလားတန်မြစ်ကြောင်း စီမံကိန်းကိစ္စတွေပါ ဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုဆက်ဆံရေးကို ကြိုဆိုတဲ့အကြောင်းနဲ့ ဒီထက်ပိုပြီး ဆက်ဆံရေး တိုးမြှင့်နိုင်အောင် ကြိုးစားသွားမယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက RFA ကို ပြောပါတယ်။

“ဒီလို အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာတဲ့အပေါ်မှာတော့ ကျွန်တော်တို့ဘက်က ကြိုဆိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း နှစ်ဖက်အပြန်အလှန် အကျိုးပြုမှုတွေနဲ့ ပိုပြီးတော့နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်ချင်တဲ့ဆန္ဒ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဆက်ပြီးတော့ ပိုပြီးချစ်ခင်ရင်းနှီးမှုရအောင်၊ နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လို့ရအောင် အဲဒါတွေကို ကျွန်တော်တို့ ဆက်ပြီးကြိုးစားသွားမှာဖြစ်ပါတယ်”

အခုလက်ရှိ အခြေအနေဟာ စစ်ရေးကာလဖြစ်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ AA ရဲ့ ဆက်ဆံရေးကို အသေးစိတ်ပြောဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ AA အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ကာကွယ်ပေးသွားမယ်လို့ ဦးခိုင်သုခက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး AA နဲ့ ချိတ်ဆက်ဖို့ ဘင်္ဂလားဒေ့ရှ်အကြံပေးပြော

မြန်မာ့အရေး အိန္ဒိယချဥ်းကပ်မှုပုံစံ ပြောင်းလာကြောင်း လေ့လာသူတွေပြော

အိန္ဒိယ - မြန်မာ ကားလမ်းဖောက်လုပ်ရေး မီဇိုရမ်လွှတ်တော်အမတ်နဲ့ AA အဖွဲ့ ဆွေးနွေး


ကုလားတန်မြစ် စီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ အရှေ့မြောက်ဒေသတွေအတွက် ကုန်ပစ္စည်းတွေကို ဘင်္ဂလားပင်လယ်အော်ကနေတစ်ဆင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းကနေ ဆက်သွယ်ဖို့ ရည်ရွည်ထားတဲ့ စီမံကိန်းကြီးတစ်ခု ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၄၈၀ နဲ့ ၂၀၀၉ ခုနှစ်ကစလို့ အကောင်အထည်ဖော်ခဲ့တာပါ။ အခု စီမံကိန်းအားလုံးနီးပါး ပြီးနေပေမဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် ကြန့်ကြာနေခဲ့တာပါ။ အခုတော့ စီမံကိန်းဧရိယာအများစုကို (AA) က သိမ်းပိုက်ထားပြီဖြစ်တဲ့အတွက် အိန္ဒိယဟာ AA ကို မဖြစ်မနေဆက်ဆံရမယ့် အခြေအနေရောက်လာတာဖြစ်ပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကဏ္ဍတွေ၊ အကျိုးစီးပွားတွေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကဏ္ဍတွေနဲ့ ပတ်သက်လို့ AA နဲ့ ဆက်ဆံရမယ့် အခြေအနေဖြစ်နေပြီး မကြာခင်မှာ အိမ်နီးချင်းနိုင်ငံတွေက AA ကို တရားဝင်ဆက်ဆံလာလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ ရခိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိအနေအထားကတော့ အိမ်နီးချင်းနိုင်ငံတွေကလည်း သူတို့ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်နေတာဆိုတော့ အာရက္ခတပ်တော် (AA) နဲ့ တရားဝင်ဆက်ဆံလာရမဲ့ အခြေအနေကတော့ မကြာခင် ရောက်လာလိမ့်မယ်လို့ ပြောလို့ရတာပေါ့။ G to G (Government to Government အစိုးရအချင်းချင်း) ဆိုတဲ့ ဆက်ဆံရေးကို လက်တလော မရောက်နိုင်ရင်တောင်မှ Private to Private ဒီလိုမျိုး အကျိုးစီးပွားအရ ဆက်ဆံမှုတွေ ဖြစ်လာနိုင်တာပေါ့”

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးအကဲကလည်း ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) နဲ့ ဆွေးနွေးချင်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့မှာ ပြောဆိုထားပါတယ်။

(AA) ဟာ စစ်ရေးအောင်မြင်မှုနဲ့အတူ နယ်စပ်ဒေသတွေကို သိမ်းပိုက်လာနိုင်တာကြောင့် အရင်က လျစ်လျူရှုခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မဖြစ်မနေဆက်ဆံရမဲ့ အခြေအနေကို ရောက်လာခဲ့တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။

“အာရက္ခတပ်တော် (AA) ရဲ့ စစ်ရေးအောင်မြင်မှုနဲ့အတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ အိန္ဒိယနယ်စပ်ကတော့ AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီပေါ့။ ဒီလိုအခြေအနေမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ဟာ မဆက်ဆံလို့မရတဲ့ အခြေအနေကို ရောက်လာတယ်ပေါ့။ AA ရဲ့ နယ်မြေ စိုးမိုးမှုအခြေအအနေကို မြင်တွေ့လာရတာကြောင့် AA နဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ မသိမသာကနေ၊ သိသိသာသာဆက်ဆံလာတယ်။ တိုးလည်းတိုးတက်မှုရှိလာတယ်လို့ မြင်ပါတယ်”

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Arakan Army Photo)
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Arakan Army Photo)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကတည်းက ပြည်မနဲ့ဆက်သွယ်တဲ့ ကုန်လမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာပါ။ ဒီအခြေအနေကြောင့် AA နဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆက်ဆံရေးအဆင်ပြေရင် ပိုကောင်းမယ်လို့ ရခိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမောင်စောဝင်း က RFA ကို ပြောပါတယ်။

“ရခိုင်မှာ တိုက်ပွဲစတင်ကတည်းက ပြည်မနဲ့ ပိတ်ဆို့လိုက်တဲ့အချိန်မှာ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေကိုပဲ အဓိကအားကိုးရတာပေါ့။ ဆေးဝါးပစ္စည်းတွေက အစပေါ့။ အဲဒီလိုနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေကြတာပေါ့။ အဲဒီက စီးပွားရေးအဖွဲ့အစည်းတွေလည်း ဒီဘက်ကို ကမ်းလှမ်းထားတာတွေလည်းရှိတယ်။ နောက်ပြီး ဆက်သွယ်မှုလည်း အဆင်ပြေကြတာပေါ့။ ဆက်ဆံရေးကတော့ ဒီထက်ပိုပြီး အဆင်ပြေလာဖို့ မြင်ပါတယ်။ ဒီလိုအခြေအနေအရပ်ရပ်ကို မူတည်ပြီးတော့ ပြည်မနဲ့တော့ စီးပွားရေးမှာ ကွဲသွားနိုင်တာပေါ့”

စစ်ကောင်စီဘက်ကတော့ အခုလို AA နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့ တစ်ခုခု တရားဝင်ထုတ်ပြောတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်သားတွေကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရက္ခတပ်တော် (AA) တို့ ဆက်ဆံရေး ပိုကောင်းလာဖို့၊ တရားဝင်နယ်စပ် ကုန်သွယ်ရေးဖြစ်လာဖို့နဲ့ ဒါတွေကို အကြောင်းပြုပြီး အဆင်းရဲဆုံး ပြည်နယ်တစ်ခုအဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။