အိန္ဒိယ - မြန်မာ ကားလမ်းဖောက်လုပ်ရေး မီဇိုရမ်လွှတ်တော်အမတ်နဲ့ AA အဖွဲ့ ဆွေးနွေး

RFA Burmese
2024.03.01
အိန္ဒိယ - မြန်မာ ကားလမ်းဖောက်လုပ်ရေး မီဇိုရမ်လွှတ်တော်အမတ်နဲ့ AA အဖွဲ့ ဆွေးနွေး မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Pu Valalvena နှင့် ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူတို့ ၂၀၂၄၊ ဖေဖော်ဝါရီ ၂၉ ရက်နေ့က နှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံကြစဉ်။
The Lairam Times

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပူဒေသနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ကို ဆက်သွယ်ရေး ကားလမ်းဖောက်လုပ်ရေးကိစ္စနဲ့ပတ်သက်လို့ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Pu Valalvena နဲ့ ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူတို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နှစ်နိုင်ငံနယ်စပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Lairam Times က ဖော်ပြပါတယ်။

အဲဒီလမ်းဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အရှေ့လိုင်ရမ်ကနေ ပလက်ဝမြို့ကို ဖောက်လုပ်မယ့်လမ်းပိုင်း ဖြစ်ပါတယ်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) အရ ပလက်ဝ-ဇိုရမ်ပူ လမ်းပိုင်းဟာ ပလက်ဝမြို့ ဆိပ်ခံတံတားကနေ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်သွားလာနိုင်အောင်ဖောက်လုပ်မယ့် ၁၀၀ ကီလိုမီတာ ရှည်လျားပြီး ကားလမ်းအကျယ် ၂၇ ပေရှိ လေးလမ်းသွား ကားလမ်းမ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်က ရပ်နားထားခဲ့ရတဲ့ ပလက်ဝ-ဇိုရမ်ပူ လမ်းပိုင်းဟာ ၂၀၂၃ ခုနှစ် အစပိုင်းမှာ ပြန်လည်စတင်ခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် ပြန်ရပ်ထားရပြီး ပလက်ဝမြို့ကို AA က သိမ်းယူပြီးနောက် အခုလို လမ်းဖောက်လုပ်ရေး ပြန်စတင်လာခဲ့တာလို့ ဆိုပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။

အိန္ဒိယနိုင်ငံဟာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။