နွားထိုးကြီးမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၁ ဦးရှိလာ
2024.12.05
Updated 4:26 PM Dec 5, 2024
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲကို ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာကြောင့် ကလေးတွေအပါအဝင် ဒေသခံ ၁၁ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နဘဲမြစ်၊ ကွမ်းအုံ၊ သမန်းတော၊ လက်ဝဲ၊ အောင်ပန်းကုန်း စတဲ့ ရွာငါးရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်း နွားထိုးကြီးမြို့ တောင်ဘက်အခြမ်းမှာရှိတဲ့ အောင်ပန်းကုန်းရွာကို လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် သုံးဦး သေဆုံးခဲ့သလို လက်ဝဲရွာကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနက်အစောပိုင်း အောင်ပန်းရွာထဲမှာ သွားလာနေတဲ့ ဈေးသည်တွေရဲ့ ဆိုင်ကယ်မီးအရောင်ကိုတွေ့ပြီး လေကြောင်းနဲ့ ပစ်ခဲ့တာလို့ အောင်ပန်းရွာအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လေယာဉ်ကချလိုက်တော့ အိမ်ပေါ်မှာတည့်တည့်ကျလာတယ်။ မိန်းမကြီးက ရင်အုပ်နဲ့ဗိုက်မှာ တစ်ချက် မှန်တယ်။ ယောက်ျားကတော့ ခေါင်းညာဘက်အခြမ်းမှာ ပွင့်ထွက်သွားတယ်။ ကလေးကတော့ ဗိုက်မှန်ပြီး ဗိုက်ပွင့်ထွက်သွားတယ်။ Y-12 က အရှေ့မြောက်က တက်လာတာ။ တက်လာပြီးတော့ တောက်ဘက်ကို ပြန်လာတယ်။ အဲဒီအချိန်မှာ ဈေးသည်တွေက အတန်းလိုက်ထွက်တဲ့အချိန်ဆိုတော့ မီးရောင်မြင်ပြီး အတန်းလိုက်ချသွားတာ"
၅ ရက်နေ့မနက်ပိုင်းမှာပဲ နွားထိုးကြီးနဲ့ မြင်းခြံမြို့အကြားက လက်ဝဲရွာကိုလည်း မြင်းခြံမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း သမန်းတောရွာဘုန်းကြီးကျောင်းကို လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကိုရင်တစ်ပါးနဲ့ ကလေး နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ကလည်း ကွမ်းအုံရွာနဲ့ နဘဲမြစ်ရွာမှာ ဗုံးကြဲခံရတာကြောင့် ဒေသခံ လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်အထိ ဒဏ်ရာရထားသူ ၁၅ ဦးခန့်ရှိပြီး သူတို့ကို ဆေးကုသပေးထားသလို အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
အညာဒေသကို စစ်ကောင်စီတပ် ထိုးစစ်ပြင်းထန်လာ
မြင်းခြံမြို့နယ်က PDF စခန်းတွေ စီးနင်းတိုက်ခိုက်ခံရ
နွားထိုးကြီးမှာ လက်နက်ကြီးကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံး
လေကြောင်းက ဆက်တိုက်ဗုံးကြဲနေတာကြောင့် ဗုံးကြဲခံရတဲ့ရွာတွေအပြင် အနီးအနားရွာတွေက ဒေသခံတွေပါ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ နွားထိုးကြီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဟို ဘက်ရွာတွေကို ကြဲကတည်းက ငါတို့ရွာတွေ ကြဲတော့မှာပဲဆိုပြီး တောထဲထွက်နေကြတာ။ အကုန်လုံး အခု လောလောဆယ် မြို့သွားတဲ့သူက သွားတယ်။ တောထဲနေတဲ့လူက နေတယ်။ မြို့နဲ့ အဆင်မပြေတဲ့သူကျတော့ တောထဲမှာ တဲလေးထိုးပြီး ထမင်းချက်စားကြတယ်။ ပုန်းလျှိုးကွယ်လျှိုးပေါ့။ လုံခြုံမှုကတော့ မရှိဘူး။ ရွာထဲကို ပစ်မှတ်ထား ကြဲတာဆိုတော့ တောထဲသွားရင် လုံခြုံမလားပေါ့။ စိတ်ကူးနဲ့ပဲ ဒီလိုပဲသွားကြတာပေါ့။ လူစုစုနေရင် ပိုဆိုးမလားဆိုပြီး လူခွဲနေတဲ့သဘောပေါ့။ ဟိုနားနည်းနည်း ဒီနားနည်းနည်း နေကြတာပေါ့။ နေ့တိုင်းလို ကြဲနေသလို ဖြစ်နေတော့"
ဒီအခြေအနေအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
"ရွာထဲကို ပစ်မှတ်ထား ကြဲတာဆိုတော့ တောထဲသွားရင် လုံခြုံမလားပေါ့။ စိတ်ကူးနဲ့ပဲ ဒီလိုပဲသွားကြတာပေါ့။ လူစုစုနေရင် ပိုဆိုးမလားဆိုပြီး လူခွဲနေတဲ့သဘောပေါ့"
မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးကတော့ ဒီဇင်ဘာလ ၂ ရက်နေ့က ပြင်စည်ရွာရဲစခန်းကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ပြီးနောက် အခုလို လေကြောင်းက ဆက်တိုက်တိုက်ခိုက်လာတာလို့ RFA ကို ပြောပါတယ်။
"နွားထိုးကြီး ပြင်စီရဲစခန်းကိုသွားပြီး တိုက်သေးတယ်လေ။ နွားထိုးတပ်ရင်း (၄) နဲ့ (၁၀) က။ အဲဒါလည်းပါတာပေါ့၊ အဲဒါကို လက်တုံ့ပြန်တာ ဖြစ်မှာပေါ့။ ၂ ရက်နေ့က ကျွန်တော်တို့ သွားတိုက်တယ်။ ၃ ရက်နဲ့ ၄ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်တယ်"
စစ်ကောင်စီတပ်က မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ချင်တာကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာအပြင် လေကြောင်းနဲ့ပါ ခပ်စိပ်စိပ်တိုက်ခိုက်နေတာလို့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ဒါကြောင့် မြင်းခြံ-တောင်သာလမ်းပေါ်က ကွမ်းစိုက်၊ ကူရွာနဲ့ ချေဆေးရွာတွေကို လက်လွှတ်ခဲ့ရတယ်လို့လည်း ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ဒေသခံများနှင့် မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)