အညာဒေသကို စစ်ကောင်စီတပ် ထိုးစစ်ပြင်းထန်လာ
2024.09.10
စစ်ကောင်စီတပ်ဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲကို တစ်ကျော့ပြန်ထိုးစစ်ဆင်တာတွေ ပြန်စတင်ပြီး တစ်ရွာဝင် တစ်ရွာထွက် စီးနင်းတိုက်ခိုက်နေတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတာတွေ ပိုစိပ်လာတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ဒီတိုင်းဒေသကြီး သုံးခုက ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေ ပြောပြချက်အရ ဩဂုတ်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁ဝ ရက်နေ့အထိ တစ်လခွဲလောက်အတွင်း အဲဒီဒေသမှာရှိတဲ့ ရွာပေါင်း ရှစ်ဆယ်ကျော်က လူဦးရေ လေးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မကွေးတိုင်းထဲက မြိုင်၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာရှိတဲ့ ရွာပေါင်းဆယ်ရွာကျော်က ဒေသခံရှစ်ထောင်ကျော်ခန့် ထွက်ပြေးနေရတာပါ။ စက်တင်ဘာလ ၆ ရက်နေ့က မြိုင်မြို့နယ် လက်ယက်မရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံခြောက်ဦး သေဆုံးခဲ့ပြီး အဲဒီရွာအပါအဝင် နီးစပ်ရာရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တောင်ယာတွေထဲ ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းထဲက မိုးကုတ်၊ စဥ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်မှာရှိတဲ့ ရွာပေါင်းသုံးဆယ်ကျော်က ဒေသခံတစ်သောင်းကျော်လည်း လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်ထဲက အိမ်ခြေငါးရာနီးပါးရှိတဲ့ ဆူးရစ်ကုန်းရွာကို လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် နေအိမ်ဆယ်လုံးကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒေသခံတွေကတော့ လေကြောင်းရန် စိုးရိမ်တာကြောင့် တောတောင်တွေထဲ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆူးရစ်ကုန်းရွာခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းလည်း မထိုးဘူး၊ ဘာမှ တိုက်ပွဲလည်း မရှိဘူး၊ တော်လှန်ရေးရဲဘော်တွေလည်း မရှိဘူး။ ကျေးရွာတွေကို သက်သက် အမှန်တိုင်းပြောရရင် ပြည်သူလူထုကိုကြောက်အောင် ပြည်သူတွေရဲ့အိမ်ကို နေ့စဉ်ရက်ဆက် တမင်သက်သက် ဖျက်ဆီးနေသလို ဖြစ်တာပေါ့။ ရွာထဲကို မနေရဲတော့ဘူး။ ရွာဆိုရင်တော့ ခြောက်ကပ်နေတာ။ နေဝင်မိုးချုပ်အချိန်ဆိုရင် ရွာထဲကို မဝင်ရတော့ဘူး တောတောင်တွေထဲမှာ နေကြရတော့တာလေ"
အလားတူ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ပင်လယ်ဘူး၊ ဝက်လက်၊ ကန့်ဘလူ၊ ဒီပဲယင်း၊ ကလေး၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘိုနဲ့ ကနီမြို့နယ်မှာရှိတဲ့ ရွာပေါင်းလေးဆယ်ကျော်က ဒေသခံနှစ်သောင်းနီးပါးလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ဆက်နွှယ်သောသတင်းများ
အညာဒေသ မဟာဗျူဟာထိုးစစ် အရှိန်မြင့်လာ
သုံးနှစ်အတွင်း အညာဒေသမှာ တိုက်ပွဲ နှစ်သောင်းကျော် ဖြစ်ပွား
၁၀၂၇ စစ်ဆင်ရေး ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာသူတွေ သုံးသပ်
ရွှေဘိုမြို့နယ်တစ်ခုတည်းမှာပဲ အုန်းပေါက်၊ တအုံ၊ ကော့ရွာ၊ တရော်တော၊ ကြိုးကြာ၊ ဆည်ကြီး၊ မောင်းတပ်၊ တည်ပင်၊ ဆိပ်ခွန်၊ ဗိုလ်တဲကုန်းစတဲ့ ရွာပေါင်းဆယ်ရွာကျော်က ဒေသခံတစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။
ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ နီးစပ်ရာရွာတွေကို နေ့စဉ် စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကိုမီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို ထိုးစစ်ဆင်တာတွေ ပိုများလာတာကြောင့် ၂ဝ၂၃ ခုနှစ်၊ ဧပြီလကတည်းက ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးရွာခံတွေလည်း ဒီနေ့အထိ နေရပ်မပြန်နိုင်ဘဲ တောတွေထဲမှာဖြစ်သလို နေထိုင်နေရတယ်လို့ အမည်မဖော်လိုတဲ့ ပဇီကြီးရွာခံတစ်ဦးက ပြောပါတယ်။
"အခုချိန်အထိ ရွာထဲလည်း ပြန်မနေရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ပေါ်မှာ အခုချိန်ထိ တဝီဝီနဲ့ သွားလာနေတုန်းလေ။ ရွာမှာလည်း တောကြီးသဘောမျိုး ဖြစ်နေတာပေါ့။ ကျွန်မတို့ကတော့ တောထဲမှာနေပြီး ဟိုဟင်းရွက်ကို ခူးစား၊ ဒီဟင်းရွက်ကို ခူးစား အဲဒီလိုမျိုးလေး အဆင်ပြေသလို စားသောက်ပြီးတော့ နေပါတယ်။ တစ်ခါတလေ ကျွန်မတို့ဆီတော့ အလှူအတန်းလေးတွေ လာလုပ်ကြတယ်။ အဲဒီလိုမျိုးလေးတွေနဲ့ လောက်အောင်လို့ စားသောက်နေရတာတော့ ရှိပါတယ်"
၂ဝ၂၃ ခုနှစ်၊ ဧပြီလက ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၇ဝ ကျော် သေဆုံးခဲ့သလို နေအိမ်လေးရာနီးပါးရှိတဲ့ ပဇီကြီးရွာကို စစ်ကြောင်းတွေ မကြာခဏ စီးနင်းဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ်သုံးလုံးပဲ အကောင်းအတိုင်း ကျန်နေခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ People’s defend comrade အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်က ထွက်ပြေးနေရတဲ့ဒေသခံတွေ ဒီနေ့အထိဒုက္ခရောက်နေတယ်လို့ ပြောပါတယ်။
"မြို့သိမ်းတိုက်ပွဲအပြီး နောက်ရက် အင်္ဂလိပ်လို ဩဂုတ်လ ၁၉၊ ၂၀ ရက်နေ့တွေမှာ မစိုးရိမ်ရွာ၊ ပျော်ဘွယ်ရွာ အရှို့ခံရတယ်။ မရှိတော့လောက်အောင်ထိကို ဖြစ်နေပါပြီ။ ပြည်သူပိုင်နေအိမ်တွေက၊ ခုနကပြောသလို ကံပြားရွာ နေအိမ်တွေရောပေါ့။ ပြည်သူတွေဆိုရင်လည်း ကျေးရွာထဲကို ပြန်ပြီးတော့ မဝင်ရဲကြသေးဘူး။ ဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ ဇရပ်တွေမှာ တချို့ဆို ကိုယ့်ဘာသာ ချက်စားနေကြရတယ်။ တချို့ဆိုလည်း ဒီပဲယင်းမြို့နယ် မဟာမိတ်ညီနောင်များဆိုရင်လည်း တတ်နိုင်သလောက် ကူညီရေးတွေလုပ်ဆောင်နေပေမဲ့ လချီသွားပြီဖြစ်တဲ့အတွက် အလှူရှင်တွေလည်း လိုအပ်တယ်။ စားနပ်ရိက္ခာတွေလည်း အဓိက အခက်အခဲ ဖြစ်နေတာပေါ့ဗျာ"
ဒီပဲယင်းမြို့နယ် ကံပြာ၊ ပျော်ဘွယ်၊ အောင်ချမ်းသာ၊ တောကြောင်း၊ အင်းတန်းရွာ၊ ဝပါနဲ့ မစိုးရိမ် စတဲ့ရွာတွေက ဒေသခံငါးထောင်ခန့်လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ တစ်လဝန်းကျင်ရှိလာပြီး စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
"ဒီပဲယင်းမြို့နယ် မဟာမိတ်ညီနောင်များဆိုရင်လည်း တတ်နိုင်သလောက် ကူညီရေးတွေလုပ်ဆောင်နေပေမဲ့ လချီသွားပြီဖြစ်တဲ့အတွက် အလှူရှင်တွေလည်း လိုအပ်တယ်။ စားနပ်ရိက္ခာတွေလည်း အဓိက အခက်အခဲ ဖြစ်နေတာပေါ့ဗျာ"
မီးရှို့ဖျက်ဆီးခံရတာတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့ကတော့ ၂ဝ၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်းမှာ စစ်ကောင်စီတပ်မီးရှို့မှုကြောင့် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက နေအိမ်တစ်ထောင်ကျော် (၁,ဝ၄၃ လုံး) မီးလောင်ပျက်စီးခဲ့တယ်လို့ စက်တင်ဘာလ ၁ဝ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးကတော့ အညာဒေသဟာ ရှမ်းမြောက်၊ ကချင်၊ ချင်းပြည်နယ်တို့နဲ့ ထိစပ်နေပြီး စစ်ရေးအရ အရေးပါတာကြောင့် အခုလို ထိုးစစ်တွေရှိနေတာလို့ ပြောပါတယ်။
"ဒီအညာဟာ စစ်ဒဏ်ကို အင်မတန်ခံခဲ့ရတဲ့ အညာသူ အညာသားတွေဟာ ဘာပဲပြောပြော အားမလျှော့ပါဘူး။ ဇွဲမလျှော့ကြပါဘူး။ နိုင်ငံရေးအရ ပြောမယ်ဆိုရင်လည်း အင်မတန်အားကောင်းတဲ့ နယ်မြေတွေဖြစ်တယ်။ ဒီအညာကနေပြီးတော့ ရှမ်းမြောက်နဲ့ ကချင်စစ်ဒေသ နောက်တစ်ခုက မန္တလေးတိုင်းနဲ့ ဆက်စပ်မှုအနေထားမျိုး။ နောက် စိုးမိုးနယ်မြေတော်တော်များများရတဲ့ အနေအထား တစ်ဆက်တည်းဆိုရင် သူ့အတွက် အင်မတန်မှ တစ်နိုင်ငံလုံး အတိုင်းအတာအရ ခြိမ်းခြောက်နိုင်တဲ့ အနေထားမျိုးပေါ့။ သူတို့လည်း ဒါကိုတွက်ဆထားပြီးသား ဖြစ်မှာပါ"
စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း လေကြောင်းကနေ အချိန်မရွေး၊ နေရာမရွေး တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
အညာဒေသကို ထိုးစစ်အရှိန်မြှင့်လာတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းထဲက စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်ကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) နဲ့ တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။