အာဆီယံကနေ ထွက်ပေါက်ရဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း လေ့လာသူတွေ ပြော

RFA Burmese
2024.10.11
အာဆီယံကနေ ထွက်ပေါက်ရဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း လေ့လာသူတွေ ပြော လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နေ့ကတွေ့ရစဉ်။
Nhac NGUYEN/AFP Photo

အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်နဲ့ ပတ်သက်လို့ အဆင့်ချခံထားရတဲ့ စစ်ကောင်စီဟာ ကိုယ်စားလှယ် စေလွှတ်တာတွေ မရှိခဲ့ဘဲ အခုလာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကိုတော့ နိုင်ငံခြားရေးဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်ထားပါတယ်။

ဒါဟာ စစ်ကောင်စီက လက်ရှိကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေအတွက် ထွက်ပေါက်ရှာဖို့ ကြိုးပမ်းနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

"သူတို့ရဲ့ ထွက်ပေါက်ကို အဲဒီကရဖို့အတွက် အာဆီယံအဖွဲ့မှာ အဲဒါတွေ လိမ်လည်လှည့်ဖြားပြီး ပြောဖို့ရှိမယ်"

စစ်ကောင်စီက ဦးဆောင်ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာက လက်ခံလာအောင် ကြိုးစားတာဖြစ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

"ရှင်းရှင်းပြောရရင် သုံးနှစ်ကျော်၊ လေးနှစ်လောက် မလွှတ်လာခဲ့ဘူး။ စစ်ခေါင်းဆောင်နဲ့ သူ့နိုင်ငံခြားရေးဝန်ကြီး တက်လို့မရလို့။ အခုတော့ ရှင်းရှင်းပြောရရင် ခေါင်းလျှိုပြီးဝင်လာရတဲ့ သဘောရှိတာပေါ့နော်။ သူတို့ရဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲ အတုအယောင် လုပ်ဖို့ကို လမ်းစရှာတယ်။ သူတို့ရဲ့ ထွက်ပေါက်ကို အဲဒီကရဖို့အတွက် အာဆီယံအဖွဲ့မှာ အဲဒါတွေ လိမ်လည်လှည့်ဖြားပြီး ပြောဖို့ရှိမယ်"

အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ပေးတက်တာဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းချက်တွေကို ထိခိုက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားတယ်လို့ စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံမှာ အရပ်သားတွေကို တိုက်ခိုက်တာရပ်ဖို့ အာဆီယံခေါင်းဆောင်တွေတိုက်တွန်း

စစ်ကောင်စီ ကိုယ်စားလှယ် အစည်းအဝေးတက်ရောက်မှု အာဆီယံကြိုးပမ်းချက်တွေ ထိခိုက်နိုင်ကြောင်း NUG ပြော


ဒါ့အပြင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေထဲက အကြမ်းဖက်တာတွေရပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့ စတဲ့အချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည် ဖော်တာမရှိသေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း စစ်ကောင်စီက အာဆီယံ အစည်းအဝေးကနေ သူ့ရပ်တည်မှုကို ထောက်ခံမှုရအောင် ကြိုးပမ်းနေတာလို့ ပြောပါတယ်။

"အာဆီယံ ဘုံသဘောတူာီချက် ငါးရပ်ကလည်း ပြန်ကြည့်ရင် ကျွန်တော်တို့က ဒီလိုမျိုး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပြီးသွားရင် အပစ်အခတ်ရပ်စဲရေးဆိုတဲ့ဟာ အဲဒီဟာပေါ့နော်။ အဲဒီဟာကို အဓိကထားပြီး ချမှတ်ထားတာ တွေ့ရတယ်။ အလုပ်မဖြစ်ဘူးဆိုတာလည်း အခုသုံးနှစ်ကျော်ဖြစ်လာတဲ့အခါမှာ လူတိုင်းပြောကြတယ်။ အဲဒီလိုအနေအထားမျိုးမှာ တစ်ဖက်မှာ စစ်ကောင်စီကလည်း ရွေးကောက်ပွဲ လုပ်ဖို့အတွက် စီစဉ်လာတဲ့ဟာတွေ သူ့ရဲ့လုပ်ဆောင်ချက် အာဆီယံရဲ့ အသိအမှတ်ပြုမှု နောက်တစ်ခါ တရုတ်ရဲ့ ပါဝင်ပက်သက်မှု အဲဒီဟာက လက်ရှိသူ့ရဲ့သွားနေတဲ့ လမ်းကြောင်းကို ထောက်ခံမှုရအောင် ကြိုးပမ်းနေတယ်လို့ ပြောလို့ရပါတယ်"

အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ် တစ်ဦးနဲ့ အာဆီယံခေါင်းဆောင်တွေ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက် အပြောင်းအလဲတစ်ခုလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ သူက သုံးသပ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ်တွေဘက်က ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်နေတာနဲ့ မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီနေ့ညနေက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိဆောင်ရွက်မှုတွေက တိုးတက်မှုတစ်ခုဖြစ်ပေမဲ့ အာဆီယံ၏ ဆွေးနွေးရလဒ်ကိုတော့ စောင့်ကြည့်ရဦးမယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

"ဒေသတွင်းမှာရှိတဲ့ နိုင်ငံရေး လှုပ်ရှားမှုတစ်ခုလို့ပဲ ကျွန်တော်တို့ ပြောလို့ရတယ်။ တိုးတက်မှုကတော့ ဆွေးနွေးပွဲတွေ အများကြီးလုပ်ရင် မြန်မာလည်း ဝင်ပြီးပါဝင်ရင် ဒါဆိုရင်တော့ တိုးတက်မှုရတယ်လို့ သုံးသပ်လို့ရတယ်။ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲကနေ ရလာတဲ့ ရလဒ်က ဘယ်လိုထွက်လဲ ဆိုတဲ့အပိုင်းကတော့ ဟိုဘက်က ဘယ်လိုမြင်လဲ ကျွန်တော်တို့က ဘယ်လိုရပ်တည်မလဲ။ အဲနှစ်ခုကြားထဲမှာ ဘယ်လိုအဖြေရှာမလဲ ပေါ့။ အဲဒါတွေနဲ့ ပတ်သက်တဲ့ ရှုဒေါင့်က နည်းနည်းတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကြည့်ဖို့လိုတယ်။ ယေဘုယျအားဖြင့် ပြောရင်တော့ ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်တယ်။ ဆွေးနွေးတယ်။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်လို့ တစ်ဖက်နဲ့ တစ်ဖက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ် ဆိုတာကိုက တိုးတက်မှုပဲလို့ ပြောလို့ရတယ်"

မြန်မာနဲ့ နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်း နှစ်ရာကျော်ကတော့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ ဆက်ပြီးကျူးလွန်နေတဲ့ စစ်ကောင်စီကို အာဆီယံအနေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ အောက်တိုဘာ ၇ ရက်နေ့မှာ အိတ်ဖွင့်ပေးစာပေးပို့ပြီး တိုက်တွန်းထားပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Ministry of Foreign Affairs Myanmar Photo)
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Ministry of Foreign Affairs Myanmar Photo)

အဲဒီအထဲမှာပါဝင်တဲ့ Defend Myanmar Democracy အဖွဲ့ တာဝန်ရှိသူ ကိုနော်အောင်ကတော့ အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီက ကိုယ်စားပြု တက်ခွင့်ရနေသ ရွေ့ မြန်မာ့အရေးကို စစ်ကောင်စီက စိတ်ကြိုက်ခြယ်လှယ်ခွင့်ရနေဦးမှာလို့ ပြောပါတယ်။

"စစ်အုပ်စုကို ကိုယ်စားပြုပြီး တက်တဲ့သူသည် မြန်မာပြည်ကို ကိုယ်စားပြုပြီးတော့ ထိုင်တဲ့ထိုင်ခုံမှာ ထိုင်ခွင့်ရနေတယ် ဆိုကတည်းက မြန်မာပြည်ကို စစ်တပ်က ကိုယ်စားပြုနေတဲ့ သဘောပဲ ဖြစ်ပါတယ်။ အဲဒါက နိုင်ငံရေးအရ ကိုယ်စားမပြုဘူးပဲ ပြောပြော၊ ဘာပဲပြောပြော တကယ့်အရင်းအမှန်သည် စစ်ကောင်စီက မြန်မာပြည်ကို ကိုယ်စားပြုပြီး အာဆီယံ အဝန်းအဝိုင်းထဲမှာ ရှိနေတယ်။ သူတို့လိုအပ်တဲ့ တရားဝင်မှုအပြင် စစ်ရေး၊ စီးပွားရေး၊ အာဆီယံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို စိတ်ကြိုက်ခြယ်လှယ် လုပ်ကိုင်ခွင့်ရနေမှာဖြစ်ပါတယ်"

အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် ရှုမြင်မှုဟာ ပြည်သူတွေရဲ့ လိုလားချက်ကို ဦးစားမပေးဘဲ ကိုယ်စီနိုင်ငံတွေရဲ့ အကျိုးစီးပွားရေးရာအပေါ်မှာသာ အခြေခံစဉ်းစားနေသရွေ့ စစ်ကောင်စီရဲ့ အာဏာသက်ဆိုး ရှည်နေမှာဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။