စစ်ကောင်စီ ကိုယ်စားလှယ် အစည်းအဝေးတက်ရောက်မှု အာဆီယံကြိုးပမ်းချက်တွေ ထိခိုက်နိုင်ကြောင်း NUG ပြော
2024.10.09
အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို ပေးတက်တာဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြေလည်မှုရအောင် အာဆီယံရဲ့ကြိုးပမ်းချက်တွေကို ထိခိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောလိုက်ပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်တာပါ။
"ကျွန်တော်တို့ နားလည်တာက နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်တွေကိုပဲ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့၊ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတို့မှာ ပေးတက်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ သိရတယ်၊ အခုက စကစ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို ပေးတက်တဲ့သဘော ဖြစ်ပါတယ်၊ အာဆီယံ အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်အောင် ကူညီပေးဖို့ ကြိုးစားနေတယ်လို့ သိရတယ်၊ အဲလို အကူအညီပေးတဲ့အခါမှာ ကြားနေဖြစ်ဖို့ (Neutral) ဖြစ်ဖို့က အရေးကြီးပါတယ်၊ အခုလို စစ်ကောင်စီကိုယ်စားလှယ်တွေကို ပေးတက်တာက အာဆီယံရဲ့ မြန်မာ့အရေးကြိုးပမ်းချက်တွေကို ထိခိုက်နိုင်တယ်လို့ ပြောချင်ပါတယ်"
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ တချို့က မြန်မာ့အရေးပြေလည်အောင် ကြိုးပမ်းဆောင်ရွက်နေတာတွေကို NUG အနေနဲ့ ကြိုဆိုပေမဲ့ အားလုံးနဲ့ ထိတွေ့ဆောင်ရွက်ဖို့ လိုအပ်တဲ့အပြင် ညှိနှိုင်းဆောင်ရွက်ဖို့လိုကြောင်းလည်း ဦးမိုးဇော်ဦးက ပြောပါတယ်။
မြန်မာ့အရေးပြေလည်ဖို့ ကြိုးပမ်းချက်တွေ ထိခိုက်နိုင်ကြောင်း NUG ပြောဆိုချက်နဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ကို RFA က Email ပေးပို့ မေးမြန်းထားပေမဲ့ တစ်စုံတစ်ရာ တုံ့ပြန်ချက် မရသေးပါဘူး။ စစ်ကောင်စီသဘောထားသိရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
AFP သတင်းတစ်ပုဒ်မှာတော့ သုံးနှစ်ခွဲလောက်ကာလအတွင်း ပထမဆုံးအနေနဲ့ စစ်ကောင်စီကို ကိုယ်စားပြုတဲ့ အရာရှိ တစ်ဦးနဲ့ အာဆီယံခေါင်းဆောင်တွေ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အရာရှိတချို့က ပြောကြောင်း ဖော်ပြထားပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကို NUG အနေနဲ့ လက်မခံနိုင်သလို မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းရမယ်လို့လည်း ဦးမိုးဇော်ဦးက ပြောပါတယ်။
အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရေး လုပ်ငန်းတွေမှာ NUG အနေနဲ့ ဆက်လက်ပူးပေါင်းပါဝင် ကူညီသွားမယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံမှာ အောက်တိုဘာလ ၉ ရက်ကနေ ၁၁ ရက်အထိ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုကျင်းပနေပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေတာဖြစ်ပါတယ်။
မြန်မာနဲ့ နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်း နှစ်ရာကျော်ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ ဆက်ပြီးကျူးလွန်နေတာကြောင့် အာဆီယံအနေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ အောက်တိုဘာ ၇ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။