မြန်မာ့ပြဿနာ ညှိနှိုင်းချိန်ရောက်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြား

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.10.09
မြန်မာ့ပြဿနာ ညှိနှိုင်းချိန်ရောက်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြား လာအိုနိုင်ငံ ဗီယင်ကျင်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ ထိပ်သီးညီလာခံ အစည်းအဝေးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဥ်။
Photo: AFP

လာအိုနိုင်ငံ ဗီယန်ကျင်းမှာ အောက်တိုဘာလ ၉ ရက် မနေ့က စတင်ကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ စစ်ကောင်စီက နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦအောင်ကျော်မိုး မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်လာတာ တွေ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်အတွင်း ပထမဆုံးအနေနဲ့ အာဆီယံ ထိပ်သီးညီလာခံကို စစ်ကောင်စီအကြီးတန်း အရာရှိတစ်ဦး တက်ရောက်လာတာဟာ စစ်ကောင်စီဘက်က အလျော့ပေးလာတာ ဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အာဆီယံဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ခွင့် ပိတ်ပင်ထားပြီး၊ နိုင်ငံရေးအရ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ဖို့ အဆိုပြုထားပေမဲ့ စစ်ကောင်စီဘက်က လိုက်လျောမှုမရှိတာကြောင့် ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာနိုင်ငံနေရာမှာ ထိုင်ခုံအလွတ်ထားပြီး ကျင်းပခဲ့ပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရှုံးပွဲတွေ ဆက်တိုက် ကြုံနေရတဲ့နောက်၊ အတိုက်အခံ အင်အားစုတွေကို စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း ကြေညာချက်ထုတ်ပြီး နှစ်ပတ်အကြာမှာ အခုလို အာဆီယံ ထိပ်သီးညီလာခံကို နိုင်ငံရေးနဲ့ မဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ဖို့ သဘောတူလိုက်တာ ဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေး အတွင်းဝန် ဦးအောင်ကျော်မိုးဟာ အင်္ဂါနေ့က ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဟာ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာလို့ နားလည်ပေးဖို့ အာဆီယံဝန်ကြီးတွေကို တောင်းဆိုခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ သုံးနှစ်ခွဲလောက်ကာလ အတွင်း ပထမဆုံးအနေနဲ့ စစ်ကောင်စီကို ကိုယ်စားပြုတဲ့ အရာရှိတစ်ဦးနဲ့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုခုဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ အဖွဲ့ဝင်နိုင်ငံတွေက အရာရှိအချို့က ပြောတဲ့အကြောင်း AFP သတင်းက ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကတော့ အခုလို စစ်ကောင်စီကလွှတ်တဲ့ သံအရာရှိကို အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ခွင့်ပြုလိုက်တာဟာ မြန်မာ့အရေးကို ဘက်မလိုက်ဘဲ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ထိခိုက်သွားနိုင်တယ်လို့ RFA ကို ပြောပါတယ်။

မနေ့က ကျင်းပတဲ့ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေ အလွတ်သဘော ဆွေးနွေးတိုင်ပင်မယ့် အစည်းအဝေးတစ်ခုကျင်းပဖို့ ထိုင်းနိုင်ငံက အဆိုပြုထားပါတယ်။

“မြန်မာနိုင်ငံ ပြဿနာကို စစ်ရေးအရ ဖြေရှင်းလို့ မရဘူးဆိုတဲ့ သတင်းစကားကို မြန်မာနိုင်ငံက အစုအဖွဲ့အားလုံးဆီကို တစ်ညီတစ်ညွတ်တည်း ပေးပို့ဖို့ လိုပါတယ်။ စေ့စပ်ညှိနှိုင်း စကားပြောဖို့ အချိန်ရောက်နေပါပြီ။ ဒီအတွက် ထိုင်းနိုင်ငံက ကူညီဖို့ အသင့်ပါပဲ” လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာက အာဆီယံ ခေါင်းဆောင်တွေကို ပြောသွားပါတယ်။

လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌနေရာကို လွှဲပြောင်းယူမဲ့ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပြောစကားကို နားထောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေ မအောင်မြင်တာကို လက်ခံပြီး၊ နည်းဗျူဟာ အသစ်တွေ ဖန်တီးဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။


ဆက်နွှယ်သောသတင်းများ

အာဆီယံညီလာခံမှာ မြန်မာ့အရေး အမေရိကန် ဖိအားပေးဆွေးနွေးဖို့ရှိ

မြန်မာပြည်တွင်းစစ်အရေး အာဆီယံ ထိပ်သီးညီလာခံမှာ ဆွေးနွေးမည်

စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်း နှစ်ရာကျော် တောင်းဆို


စစ်ကောင်စီက လုပ်မဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံထိပ်သီးညီလာခံ အစည်းအဝေးတွေမှာ တရားဝင် ထောက်ခံပြောဆိုမှုတွေ မတွေ့ရသေးပေမဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံမယ့် အရိပ်အမြွက် ပြောကြားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းမှာ သဘောထား ကွဲပြားနေတဲ့နေရာမှာ နိုင်ငံအချို့က စစ်ကောင်စီဘက်က ဒီထက်မက လိုက်လျောဖို့ လိုတယ်လို့ ယူဆနေကြပြီး၊ နိုင်ငံအချို့ကတော့ လက်နက်ကိုင်အဖွဲ့တွေ အားလုံး အလျော့ပေးပြီး စေ့စပ်ညှိနှိုင်း စကားပြောကြဖို့ လိုတယ်လို့ ယူဆကြတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောတာကို Reuters သတင်းမှာ ဖော်ပြပါတယ်။

အာဆီယံနဲ့ မိတ်ဖက် နိုင်ငံများ ညီလာခံတွေကို အမေရိကန်နိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်မဲ့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့ချဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ စစ်ကောင်စီကို တိုက်တွန်းသွားမယ်လို့ ပြောထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန် ဘရင့် ( Daniel Kritenbrink) ကတော့ အရေးကြီးကိစ္စတွေ အတွက် စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေ တိုးတက်မှု လုံးဝမရှိကြောင်းပြောထားပြီး၊ မြန်မာ စစ်ခေါင်းဆောင်တွေ သဘောထား ပျော့ပြောင်းလာပြီလို့ မထင်ကြောင်း ပြောထားတာကို AFP သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် (၄၄)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်းအဝေး တက်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာအားတွေ့ရစဉ်။ (Photo : AFP)
၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် (၄၄)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်းအဝေး တက်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာအားတွေ့ရစဉ်။ (Photo : AFP)

စင်ကာပူ အခြေစိုက် Solaris Strategies သုတေသန အဖွဲ့က နိုင်ငံတကာအရေး လေ့လာသုံးသပ်သူ မူစတာဖာ အစ်ဇ်အူဒင် ကတော့ မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းနိုင်မှုဟာ အာဆီယံရဲ့ အနာဂတ်အတွက် အဆုံးအဖြတ် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ ပြဿနာ ပိုကြာလာတာနဲ့ အမျှ၊ အာဆီယံဟာ အရှေ့တောင် အာရှ ဒေသတွင်းက ပဋိပက္ခတွေ ဖြေရှင်းနိုင်စွမ်းမရှိတော့တာ ထင်ရှားလာပါလိမ့်မယ်လို့ သူက AFP ကို ပြောသွားပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အဆင့်ငါးဆင့်ပါ လမ်းပြမြေပုံကို လက်ခံဖို့ အာဆီယံကို တောင်းဆိုထားတာ ရှိနေပြီး၊ အာဆီယံဟာ ဒီတောင်းဆိုချက်ကို လက်ခံတဲ့အထိ မလိုက်လျောသင့်ဘူးလို့ ထိုင်းသံအမတ်ဟောင်း ကော်ဘ်ဆက် ချူတီကာယ် က Reuters ကို ပြောသွားပါတယ်။

သုံးနှစ်ကြာလာတဲ့အထိ မြန်မာနိုင်ငံ ပြဿနာကို အာဆီယံရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းမှုတွေ မပြေလည်နိုင်တာကြောင့် အာဆီယံ အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ မှီခိုအားထားလို့ မရတာကို ပြသနေတယ်လို့ KNU ရဲ့ ပြောခွင့်ရ ပဒို စောတောနီးက AFP ကို ပြောပါတယ်။

အာဆီယံဟာ တရုတ် နဲ့ အမေရိကန်လို အင်အားကြီး နှစ်နိုင်ငံနဲ့ ညှိနှိုင်းသင့်ပါတယ်၊ ဒီအင်အားကြီး နှစ်နိုင်ငံ သဘောတူညီမှု မပါပဲ အာဆီယံဟာ ရှေ့ဆက်လို့ မရနိုင်ပါဘူးလို့ ပဒို စောတောနီးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။