မြန်မာပြည်တွင်းစစ်အရေး အာဆီယံ ထိပ်သီးညီလာခံမှာ ဆွေးနွေးမည်

RFA Burmese
2024.10.09
မြန်မာပြည်တွင်းစစ်အရေး အာဆီယံ ထိပ်သီးညီလာခံမှာ ဆွေးနွေးမည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ ထိပ်သီးညီလာခံ အစည်းအဝေးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဥ်။
AFP/NHAC NGUYEN

မြန်မာရဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး သံတမန်နည်းနဲ့ ကြိုးပမ်းဖို့အတွက် အရှေ့တောင်အာရှ ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ ဒီနေ့ကျင်းပမဲ့ အရှေ့တောင်အာရှ ထိပ်သီးညီလာခံမှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေကြောင်း Japan Times သတင်းဌာနက အောက်တိုဘာ ၉ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။

လာအိုနိုင်ငံမှာ သုံးရက်ကြာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို အာဏာသိမ်းပြီးနောက် ပထမဆုံး ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ အာဆီယံရဲ့ ပဋိညာဥ်ကို လိုက်နာရမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးရယူမဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အာဆီယံ အစည်းအဝေးကို တက်ရောက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ အကြမ်းဖက်မှု လျှော့ချရေး၊ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့နဲ့ အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ စစ်ကောင်စီကို ဖိအားပေးမယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာအကျပ်အတည်းကိစ္စက အာဆီယံရဲ့ အဆင့်မြင့် အစည်းအဝေးတိုင်းမှာ လွှမ်းမိုးနေပေမဲ့ နိုင်ငံအစုအဖွဲ့တွေ ကွဲသွားပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က မြန်မာ စစ်ဗိုလ်ချုပ်တွေကို ပြင်းထန်တဲ့ အရေးယူမှုတာတွေလုပ်ဖို့ ဦးဆောင်တောင်းဆိုမှုတွေ ရှိနေတယ်လို့ Japan Times သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ ဆက်ပြီး ကျူးလွန်နေတာကြောင့် အာဆီယံအနေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့၊ မြန်မာနဲ့ နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်း ၂၄၀ က ဒီအစည်းအဝေးပွဲတွေမစခင် အောက်တိုဘာ ၇ ရက်နေ့က တိုက်တွန်းတောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။