အာဆီယံညီလာခံမှာ အတိုက်အခံဘက်က အသံ ပါဝင်ဖို့လိုကြောင်း သုံးသပ်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.10.13
အာဆီယံညီလာခံမှာ အတိုက်အခံဘက်က အသံ ပါဝင်ဖို့လိုကြောင်း သုံးသပ် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး မြင်ကွင်းတစ်ခု။
Photo: AFP

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦအောင်ကျော်မိုး မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ပါတယ်။

အခုနှစ် အာဆီယံထိပ်သီးညီလာခံမှာလည်း အရင်နှစ်တွေလိုပဲ မြန်မာနိုင်ငံအရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့်၊ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အပါအဝင် ဘုံသဘောတူညီချက် ငါးရပ်အကောင်အဖော်ပေါ်လာအောင် အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုတွေ တိုးတက်မှု မရှိခဲ့တာတွေ့ရပါတယ်။

ဒါပေမယ့် ထူးခြားတဲ့အပြောင်းအလဲ သုံးခု တွေ့ခဲ့ရတယ်လို အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးဌာန USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက အောက်တိုဘာ ၁၀ရက်က သုံးသပ်ရေးသားပါတယ်။

ပထမဆုံးအချက်က- စစ်ကောင်စီကို တရုတ်နိုင်ငံက ထောက်ခံမှုတိုးလာတဲ့ အကျိုးဆက်တွေကို အာဆီယံညီလာခံမှာ တွေ့ရတာလို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရန်လိုတဲ့ သဘောထားပြသခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကို အကူအညီမပေးဖို့ တရုတ်လွှမ်းမိုးမှုရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေကို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ စစ်ကောင်စီကို ပါဝင်ခွင့်ပေးပြီး တရားဝင်ဖြစ်မှုရအောင် လုပ်ပေးနေတာလည်း တွေ့ရပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် စစ်ကောင်စီဟာ နိုင်ငံတကာမှာ တရားဝင်ဖြစ်မှု ရဖို့ အာဆီယံကို အားကိုးစရာမလိုတော့ဘဲ အာဆီယံဟာ စစ်ကောင်စီအပေါ်ရှိတဲ့ သြဇာအာဏာ ဆုံးရှုံးနေပါတယ် လို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။



အခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့ လာအိုနိုင်ငံဟာ ဘုံသဘောတူညီချက်တွေ အကောင်အထည်ပေါ်လာအောင် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်မှု မရှိတာကလည်း နောက်ထပ် အကြောင်းတစ်ခု ဖြစ်ပါတယ်။ အရင်နှစ်က ဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ အာဆီယံ အထူးသံတမန် ရုံးခန်းတည်ထောင်တာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံနိုင်မယ့် နည်းလမ်းတွေ ဖန်တီးခဲ့ပါတယ်။ လာအိုနိုင်ငံကတော့ မြန်မာအရေးအတွက် ဦးဆောင်ဦးရွက်ပြုမှု မရှိဘဲ တရုတ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ ဦးဆောင်မှုကို အားကိုးပါတယ်။ ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ လုပ်ဖို့ အကြံပြုထားတာ ရှိပေမဲ့ အမှန်တကယ် အကောင်အထည်ပေါ်ဖို့ ခက်ခဲပြီး တရုတ်ကတော့ စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံဖို့ လာအိုကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အာဆီယံထိပ်သီးညီလာခံ အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ် တက်နေတာကြောင့် အာဆီယံရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းမှုတွေကို ပိုပြီးလမ်းလွဲစေပါတယ်။ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်လို့ သုံးထားပေမဲ့ ဒီအရာရှိရဲ့ ပါဝင်တက်ရောက်မှုဟာ အလွန်မှ နိုင်ငံရေးဆန်ပါတယ်။ အာဆီယံညီလာခံမှာ NUG နဲ့ အတိုက်အခံ အင်အားစုတွေဘက်က တက်ရောက်ခြင်းမရှိတဲ့အတွက် စစ်ကောင်စီ ကိုယ်စားလှယ်ဟာ လိုသလို ပုံဖော်ပြောဆိုလို့ ရသွားစေပါတယ်။ အာဆီယံနိုင်ငံအချို့က အတိုက်အခံအင်အားစုတွေနဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံမှုရှိပေမယ့် နိုင်ငံအများစုကတော့ ထိတွေ့ဆက်ဆံမှု မရှိပါဘူးလို့ ဂျေဆင်တာဝါက ဆိုပါတယ်။

ဆက်နွှယ်သော သတင်းများ

အာဆီယံကနေ ထွက်ပေါက်ရဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း လေ့လာသူတွေ ပြော

ကုလညီလာခံမှာ ဘယ်သူတွေ မြန်မာ့အရေးပြောဆိုခဲ့ကြသလဲ

စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်း နှစ်ရာကျော် တောင်းဆို




အာဏာရှင် ဆန့်ကျင်တော်လှန်ရေး နှစ်ကြာလာတာနဲ့အမျှ အာဆီယံအဖွဲ့ထဲမှာ မြန်မာနိုင်ငံပြဿနာကို ရတဲ့နည်းလမ်းနဲ့ ဖြေရှင်းပြီး ပုံမှန်အခြေအနေကို ပြန်သွားဖို့ လိုလားတဲ့ နိုင်ငံတွေ တိုးလာနေပါတယ်။ အာဆီယံနိုင်ငံအချို့ဟာ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကို လက်ခံ အသိအမှတ်ပြုပြီး၊ ပုံမှန်အခြေအနေအသစ်အဖြစ် လက်ခံမယ့် အရိပ်အမြွက်ပြောလာနေပါတယ်။ တကယ်တော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲလုပ်ပေးဖို့ တရားဝင်ဖြစ်မှုကော အရည်အချင်းပါ မရှိတဲ့အပြင် မြန်မာတစ်နိုင်ငံလုံးကို မထိန်းချုပ်နိုင်တဲ့အတွက် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေ ပိုများလာစေမှာ ဖြစ်ပါတယ်လို့ သူက သုံးသပ်ပါတယ်။

လာမယ့်နှစ် မလေးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရတဲ့အချိန်မှာ ကြုံရတဲ့ စိန်ခေါ်မှုတွေ ပိုများလာနိုင်ပါတယ်။ နိုင်ငံဖြတ်ကျော် မှုခင်းတွေ၊ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေအပြင် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုများလာနိုင်ပါတယ်။ စစ်ကောင်စီကို တရုတ်လွှမ်းမိုးထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်ပြုတာကြောင့် အာဆီယံရဲ့သြဇာလွှမ်းမိုးမှု ပိုပြီး လျော့ကျလာနိုင်ပါတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားအနေနဲ့ အာဆီယံအဖွဲ့တွင်းမှာ NUG နဲ့ အတိုက်အခံအင်အားစုတွေရဲ့ အသံ ပါဝင်နိုင်အောင် လုပ်ဖို့၊ တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ နဲ့ စစ်ကောင်စီအပေါ် အာဆီယံရဲ့သြဇာလွှမ်းမိုးမှု တိုးမြှင့်အောင်လုပ်ဖို့ နည်းလမ်းတွေကို ရှာဖွေဖို့ လိုပါတယ်လို့ ဂျေဆင်တာဝါက သုံးသပ်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တရုတ်ဒရုန်းတွေကို စစ်ကောင်စီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။