ဘင်္ဂလားဒေ့ရှ်နည်းတူ မြန်မာတွေ ဘာကြောင့် အောင်မြင်မှုမရသေးတာလဲ

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.08.10
ဘင်္ဂလားဒေ့ရှ်နည်းတူ မြန်မာတွေ ဘာကြောင့် အောင်မြင်မှုမရသေးတာလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင်းရှိ မြင်ကွင်းတချို့အား ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရရဲ့ အလုပ်ခွဲဝေမှုစနစ်ကိုဆန့်ကျင်ရာကနေ လူထုဆန္ဒပြပွဲ ပြင်းထန်လာခဲ့ပြီးနောက် အချိန်တိုအတွင်းမှာပဲ ဝန်ကြီးချုပ်ရာထူးကနှုတ်ထွက်သွားခဲ့ပြီး နိုင်ငံကနေ ထွက်ပြေးသွားခဲ့ရပါတယ်။

အဲဒီနောက် ပြည်သူ့ဆန္ဒအတိုင်း အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ် စီးပွား‌ရေးပညာရှင်လည်းဖြစ်တဲ့ မိုဟာမက်ယူနွတ်က အိမ်စောင့်အစိုးရခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ခေါင်းဆောင်သစ် ရွေးချယ်မယ့် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။

ပြည်သူတွေက ခေါင်းဆောင်လုပ်စေလိုတဲ့သူကို ပြင်သစ်နိုင်ငံကပြန်ခေါ်ခဲ့ပြီး တိုင်းပြည်ကို ဦးဆောင်စေတာလည်း ဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း ၂၀၂၁ ဖေဖော်ဝါရီလမှာ ဒီလိုပဲ ပြည်လုံးကျွတ်လူထုတွေလမ်းပေါ်ထွက်ပြီး အာဏာသိမ်း စစ်တပ်ကို ဆန္ဒပြခဲ့ကြပေမဲ့ (လက်ရှိအာဏာသိမ်းစစ်တပ်ရဲ့ ) တိုင်းပြည်အပေါ်ထားတဲ့စေတနာ ကွာခြားချက်ကြောင့် ပြည်သူတွေအခုထိ တွန်းလှန်နေရဆဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောပါတယ်။

“လူအုပ်ချုပ်တာလေ၊ ရှိတ်ဟာစီနာက လူလေ၊ ဒီမှာက နှစ် ၇၀ ရှိပြီနော်၊ ဒေါ်အောင်ဆန်းစုကြည် ငါးနှစ်ကို ဖယ်လိုက်၊ စစ်တပ်ရဲ့ အတွေးအခေါ်တွေ အယူအဆတွေ၊ စစ်တပ်လိုလားတဲ့သူတွေက ရှိသမျှအရင်းအမြစ်တွေကို စစ်တပ်နဲ့ ခရိုနီနဲ့ပဲ လူထုမှာ မွဲပြာကျနေတယ်၊ ဟိုမှာက ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရက တက်လာတဲ့အခါကျတော့ လူတွေက အများကြီး အသိဥာဏ်တွေ ပွင့်တာပေါ့၊ ရှိတ်ဟာစီနာက ဖက်တွယ်မနေတော့ဘဲနဲ့ ထွက်ခွာသွားခြင်းက နိုင်ငံကြေမွ မသွားဘူးပေါ့နော်"

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်သည် အိမ်စောင့်အစိုးရ ခေါင်းဆောင်အဖြစ် ၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုနေစဉ်။ Photo : Reuters
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်သည် အိမ်စောင့်အစိုးရ ခေါင်းဆောင်အဖြစ် ၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုနေစဉ်။ Photo : Reuters

အရပ်သား အစိုးရတွေက တိုင်းပြည်ကို ပြန်ကြည့်တတ်ကြတယ်လို့ အမေရိကန်နိုင်ငံရေးနဲ့ ဥပမာပေးပြီး ဦးကြီးမြင့်က နှိုင်းယှဥ်ပြပါတယ်။

“အမေရိကန်မှာလည်း ဘိုင်ဒန်က သူဟာတဲ့ တိုင်းပြည်ကို ပိုပြီးတော့လေးစားတယ်၊ ပါတီကိုလည်း လေးစားတယ်၊ ဒါကြောင့်မို့လို့ ဒီရာထူးကနေပြီးတော့ နောက်ထပ်အရွေးမခံတော့ဘူး၊ နောက်လူငယ်ပိုင်းကို လွှဲပေးလိုက်ပြီ၊ အဲဒီ သဘောနှစ်ခုကိုကြည့်လိုက်ခြင်းအားဖြင့် စစ်အာဏာရှင်နဲ့ အရပ်သားအုပ်ချုပ်မှုတွေနဲ့ ကွာတယ်ဆိုတာကို အဲဒီမှာ သွားတွေ့ရတယ်”

ဘင်္ဂလားဒေ့ရှ်လူဦးရေ သန်း ၁၇၀ ရဲ့ ငါးပုံတစ်ပုံနီးပါး အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်လက်မဲ့လူငယ်တွေဟာ အစိုးရအလုပ်နေရာ သုံးဆယ်ရာခိုင်နှုန်းကို စစ်ပြန်မျိုးဆက်တွေနဲ့ တခြားအခွင့်ထူးခံတွေအတွက် ခွဲတမ်းချတဲ့စနစ်ကို မကျေနပ်ကြလို့ လူထုဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရတာပါ။

နိုင်ငံတစ်နိုင်ငံမှာ လူထုဆန္ဒပြပွဲတွေဖြစ်ပြီဆို အနည်းနဲ့အများတော့ ထိခိုက်သေဆုံးမှုတွေရှိတာ ဓမ္မတာပါ။ ဘင်္ဂလားဒေ့ရှ်မှာလည်း လူသုံးရာကျော် သေဆုံးခဲ့ရပြီး ထောင်နဲ့ချီဒဏ်ရာရခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီပမာဏဟာ မြန်မာနိုင်ငံနဲ့ ယှဥ်ရင်တော့ မြူမှုန်ပဲရှိတယ်လို့ ဆိုရမှာပါ။ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဩဂုတ်လ ၂ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်းစစ်ကောင်စီကြောင့် အရပ်သား ငါးထောင်ကျော် (၅,၄၇၂) သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ နှစ်သောင်းခုနစ်ထောင်ကျော် (၂၇,၁၄၁ ) ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက (AAPP) က ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးက ဘာသင်ခန်းစာယူမလဲ

ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရခေါင်းဆောင်အဖြစ် နိုဘယ်ဆုရှင် ယူနွတ် ကျမ်းသစ္စာကျိန်ဆို

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်၊ နိုင်ငံပြင်ပထွက်ပြေး


မြန်မာနိုင်ငံအနေအထားမျိုးရောက်မသွားအောင် ဘင်္ဂလားဒေ့ရှ်က သင်ခန်းစာယူခဲ့တယ်လို့ ထင်မြင်ရကြောင်း အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ဆီက အနေအထားမျိုး ရောက်မသွားအောင် သူတို့က ဘယ်လိုမျိုးသင်ခန်းစာ ယူသလဲဆိုတာမျိုးကို ပြောရမယ့်အနေအထားမျိုးဖြစ်နေတာပေါ့နော် “

ဘင်္ဂလားဒေ့ရှ် လူထုဆန္ဒပြပွဲကြီးကို လက်နက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဆက်ပြီး အကြမ်းဖက်ဖြိုခွင်းဖို့ မရွေးချယ်ခဲ့ဘဲ ပြည်သူဘက်က ရပ်တည်ခဲ့တာကြောင့် အချိန်တိုတွင်း ပြည်သူတွေ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က အာဏာသိမ်းဖို့ အခွင့်အရေးရှိပေမဲ့ အဲဒီလိုမလုပ်ခဲ့ဘဲ ပြည်သူကိုငဲ့ညှာခဲ့တယ်လို့ ဒေါက်တာ တေဇာဆန်းက မြန်မာစစ်တပ်နဲ့ နှိုင်းယှဥ်ပြပါတယ်။

“အခုကျွန်တော်တို့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်သည် အာဏာသိမ်းဖို့အခွင့်အရေးရှိသော်ငြားလည်းပဲ သူတို့ လုံးဝအာဏာသိမ်းစစ်တပ်ဘဝကို အရောက်မခံဘူး၊ ဒါကြောင့်မို့ ကျွန်တော်ပြောပါတယ်၊ မြန်မာ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရန်သူ အစစ်အမှန်က ဒီအာဏာရှင်စနစ်ပဲဗျ၊ ဒီ ဗိုလ်ချုပ်ဆိုး ဒီ မင်းအောင်လှိုင်လုပ်တာကြောင့် မြန်မာ့တပ်မတော်ရော မြောင်းထဲရောက်သွားပြီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရော အခုဘယ်လိုဖြစ်သွားပြီလဲ၊ ကိုယ့်ယူနီဖောင်းကိုယ်ဝတ်ပြီးတော့ ကိုယ့်ဇာတိရပ်ရွာ ရဲရဲရင့်ရင့် ဂုဏ်သိက္ခာရှိရှိ ပြန်ရဲသလားဗျ၊ ကျွန်တော်ဒါပဲ မေးလိုက်ချင်ပါတယ်၊ ဒါကြောင့် မြန်မာတပ်မတော်ရဲ့ ရန်သူသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရန်သူသည် မင်းအောင်လှိုင်နဲ့ အာဏာရှင်စနစ်သာ ဖြစ်တယ်လို့ ကျွန်တော်ထပ်လောင်းပြီးတော့ ပြောချင်ပါတယ်ခင်ဗျ“

၂၀၂၁ ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို ဖြိုခွင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo : AFP)
၂၀၂၁ ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို ဖြိုခွင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo : AFP)

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ထားတဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့လုပ်ဆောင်ချက်ကို အခုလိုသုံးသပ်ပါတယ်။

“ပြည်သူဘက်ကပါတဲ့ စစ်တပ်ကသာ အနိုင်ဆုံးပေါ့နော်၊ အနေအထားက အဲတာပဲ ကျွန်တော်ကတော့ ပြောချင်တယ်ဗျ“

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းခဲ့တာ သုံးနှစ်ခွဲ ကြာမြင့်လာပြီဖြစ်ပြီး ပြည်သူတွေဟာ အာဏာသိမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးတွေကို အပြင်းအထန်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ စိတ်ဓါတ်မကျဘဲ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ရဲ့ မျက်စိတစ်မှိတ်အတွင်း ပြည်သူတွေအနိုင်ရသွားတဲ့ နိုင်ငံရေးအပြောင်းအလဲကို ကြည့်ကာ အားယူပြီး အားလုံးတန်းတူညီမျှ အခွင့်အရေးတွေရဖို့ ဆက်လက်တိုက်ပွဲ ဝင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။