ကယားပြည်နယ်ထဲမှာ အမှိုက်လျှော့ချရေး CDM ကျောင်းသားတွေ ကြိုးပမ်း
2024.11.25
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အရေးပေါ် အခြေအနေတွေကြားထဲမှာပဲ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ အမှိုက်ကောက်တာနဲ့ အမှိုက်စွန့်ပစ်တဲ့ ပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့အဖွဲ့ကတော့ "မျိုးဆက်သစ် ပရဟိတလူငယ်" ဆိုတဲ့ အဖွဲ့ ဖြစ်ပါတယ်။
"မျိုးဆက်သစ်ပရဟိတလူငယ်" အဖွဲ့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စစ်ဘေးဒုက္ခသည်တွေလည်းဖြစ်တဲ့ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) ကျောင်းသူ ကျောင်းသား ငါးဆယ်ဝန်းကျင်နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။
အဲဒီအဖွဲ့ဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်စစ်ရှောင်ဒေသတွေနဲ့ စျေးတန်းတွေမှာ တစ်ပတ်တစ်ကြိမ် အမှိုက်သိမ်းဆည်းတာ၊ မြက်ရိတ်တာအပြင် ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးသင်တန်းတွေ၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်အောင် အသိပညာပေးတာတွေ ပြုလုပ်ပါတယ်။
ကျောင်းသားတွေအနေနဲ့ ကျောင်းစာအပြင် တခြား ပြင်ပလှုပ်ရှားမှုတစ်ခုလုပ်ဖို့ ရည်ရွယ်တာနဲ့အတူ ပတ်ဝန်းကျင်ကို သန့်ရှင်းစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ မျိုးဆက်သစ်ပရဟိတလူငယ်အဖွဲ့ရဲ့ အကြံပေး မားဂရက်က RFA ကို ပြောပါတယ်။
"ပလတ်စတစ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးအရမ်းများတဲ့အထဲမှာ ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်မတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကြီး အမှိုက်ကင်းရှင်းသွားအောင် အမှိုက်ကို စနစ်တကျနဲ့ စွန့်ပစ်တတ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမှိုက်ကောက်တဲ့ ပရဟိတအသင်းကြီးဆိုပြီး ဖွဲ့လိုက်တယ်။ ကျွန်မတို့ ဒီတိုင်းပဲ ကောက်လို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အသိပညာသင်တန်းတွေပေးမှ တခြားလူတွေလည်း ကျွန်မတို့ မသိမ်းနိုင်တဲ့နေရာတွေမှာလည်း သိမ်းနိုင်အောင်ဆိုတဲ့ အဲဒီ ရည်ရွယ်ချက်၊ အမှိုက်ကောက်ချင်တဲ့ ရည်ရွယ်ချက်တွေရှိလာအောင်ဆိုပြီး အသိပညာပေး သင်တန်းတွေလည်း လုပ်တာရှိတယ်"
သိမ်းဆည်းပြီး ထွက်လာတဲ့ အမှိုက်တွေကိုတော့ လူတွေနဲ့ ဝေးတဲ့နေရာအထိ သွားပြီး မီးရှို့ဖျက်ဆီးတယ်လို့ ပြောပါတယ်။
"အသိပညာသင်တန်းတွေပေးမှ တခြားလူတွေလည်း ကျွန်မတို့ မသိမ်းနိုင်တဲ့နေရာတွေမှာလည်း သိမ်းနိုင်အောင်ဆိုတဲ့ အဲဒီ ရည်ရွယ်ချက်၊ အမှိုက်ကောက်ချင်တဲ့ ရည်ရွယ်ချက်တွေရှိလာအောင်ဆိုပြီး အသိပညာပေး သင်တန်းတွေလည်း လုပ်တာရှိတယ်"
ဒီအဖွဲ့ပေါ်မလာခင်က အမှိုက်ကို ချောက်ကမ်းပါးတွေမှာ ပစ်တာမျိုးအပြင် လူတွေနဲ့ အနီးအနား ဝန်းကျင်မှာပဲ အမှိုက်မီးရှို့လို့ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ရတဲ့ အခြေအနေလို့ ဒေသခံတွေက ပြောပါတယ်။
"မီးရှို့ရင်လည်း ပတ်ဝန်းကျင် အညှော်မခံနိုင်တဲ့ လူကြီးပိုင်း ရောဂါရှိတဲ့လူတွေအတွက် တော်တော်လေး အဆင်မပြေ ဖြစ်ရတယ်ပေါ့နော်။ နောက်တစ်ခုက ဘယ်လိုမျိုးရှိလဲဆိုတော့ အဲဒီချောက်ထဲမှာ ဘယ်သူ့ကိုမှ မထိခိုက်ဘဲနဲ့ ဒီတိုင်းပစ်ထားမယ်ဆိုရင် ကြာရင် ပလပ်စတစ်တွေကျတော့ မပျက်စီးတဲ့ပစ္စည်းတွေ ဆိုတော့လေ။ နှစ်ရှည်လများ ဓာတုပစ္စည်းတွေဆိုတော့ တော်တော်လေး ပတ်ဝန်းကျင်ကို အဆင်မပြေတာတွေ ဖြစ်နိုင်တယ်"
အဲဒီအဖွဲ့ လာတဲ့ တနင်္ဂနွေနေ့ဆိုရင် အမှိုက်ထုပ်တွေကို စနစ်တကျ အိမ်ရှေ့တွေမှာ ချထားပေးလေ့ရှိသလို အခုလို အမှိုက်လာသိမ်းတာကြောင့် ကိုယ်တိုင် မီးရှို့စရာမလိုတော့တဲ့အတွက် အနံ့အသက် ပြဿနာ ပြေလည်သွားပြီး အမှိုက်တွေ ပွစာကြဲနေတာလည်း မရှိတော့ဘူးလို့ သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေပေးနေတဲ့ အမျိုးသမီးလူငယ်အဖွဲ့
သစ်နဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှုကြောင့် သစ်တောပြုန်းတီးမှုများလာ
လေထုညစ်ညမ်းမှု ပြဿနာဖြေရှင်းရေး ထိုင်း၊ မြန်မာနဲ့ လာအို ပူးပေါင်းကြိုးပမ်း
အခုလို အမှိုက်တွေရှင်းလင်းရာမှာတော့ ငွေကြေးအရင်းအမြစ်က အဓိက စိန်ခေါ်မှုဖြစ်နေပြီး အမှိုက်သယ်ရေးအတွက် ကားကမရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်လို့ မားဂရက်က ပြောပါတယ်။ ဒါ့အပြင် ဒေသခံတွေ ပူးပေါင်းပါဝင်လာဖို့ ကြိုးစားနေကြပေမဲ့ စိတ်ဝင်စားမှု နည်းပါးနေတုန်းပဲလို့ ဆိုပါတယ်။
"အမှိုက်ကောက်တာ လိုက်သိမ်းတာဆိုရင် တချို့ဆိုရင် ဘေးပတ်ဝန်းကျင်ကနေပြီး ကျွန်မတို့ကို အထင်လွဲ၊ အမြင်လွဲတာတွေ ရှိတယ်။ အဲဒီလိုလုပ်တာ ဘယ်လောက်ထိ စားရမလဲ၊ ဘယ်လောက်အထိ မြတ်လိုက်မလဲဆိုပြီး ပြောခံရတာမျိုးလည်း ရှိတယ်။ တစ်ခါတလေဆိုရင် အလှူငွေ သွားကောက်လိုက်တဲ့အချိန်မှာဆိုရင် အလှူရှင်တွေရဲ့ ဆဲတာလည်း ခံရတယ်ပေါ့"
အမှိုက်ညစ်ညမ်းမှုကို လျှော့ချဖို့ လူထုစိတ်ဝင်စားမှုမရှိတာက အထူးအလေးထားရမဲ့ ပြဿနာဖြစ်ပြီး စစ်ဖြစ်နေတဲ့ ကာလထဲမှာပဲ နိုင်ငံရေးသာမက သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ တခြားကဏ္ဍတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အကြံပြုကြပါတယ်။
ကုလသမဂ္ဂကလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေကို စတင်ခဲ့ပါတယ်။ ပလတ်စတစ်ထုတ်လုပ်မှု ပိုများလာမယ်ဆိုရင် ရာသီဥတုအပြောင်းအလဲ ပြဿနာကို ပိုဆိုးရွားစေလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အမှိုက်တွေကို မြစ်ချောင်းတွေထဲ စွန့်ပစ်ကြတာကြောင့် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်ဆယ်စင်း စာရင်းမှာ မြန်မာနိုင်ငံက ဧရာဝတီမြစ်ဟာ အဆင့် (၉) နေရာမှာ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI) ရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ FFI နှင့်အတူ သန့်မြန်မာတို့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရလည်း ဧရာဝတီမြစ်ထဲကို ပလတ်စတစ်တန်ချိန် ၁၁၉ တန် နေ့တိုင်း စီးဝင်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် အခုလို ကြီးမားတဲ့ အမှိုက်ပြဿနာကို တစ်ဖက်တစ်လမ်းက နိုင်သလောက်ကူညီဖြေရှင်းပေးဖြစ်သလို ပြည်သူလူထုနားလည်လာအောင် ဆက်လက်ကြိုးစားပြီး ပညာပေးနေဦးမယ်လို့ "မျိုးဆက်သစ် ပရဟိတ လူငယ်" အဖွဲ့ဝင်တွေက ပြောကြပါတယ်။