သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေပေးနေတဲ့ အမျိုးသမီးလူငယ်အဖွဲ့

လေထုညစ်ညမ်းမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ယိုယွင်းလာပြီဖြစ်တဲ့ ကမ္ဘာမြေကို ကုစားဖို့ရာအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်အရေးကြီးနေပါပြီ။ ဒီအတွက် လူတွေ သတိချပ်စေဖို့ Mindful Burma ဆိုတဲ့အဖွဲ့က သဘာဝပတ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတွေ မျှဝေပေးနေပါတယ်။

ဒီအဖွဲ့ကို သဘာဝပတ်ဝန်းကျင်နဲ့ သတ္တဗေဒ အထူးပြုလေ့လာနေကြတဲ့ အသက် ၂၁ ကနေ ၂၇ ကြား အမျိုးသမီးငယ် ခြောက်ဦးက ဦးဆောင်လည်ပတ်နေကြတာပါ။ သူတို့တွေထဲမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူနဲ့ ကိုဗစ်ကာလမတိုင်ခင်အထိ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွေမှာ ပညာသင်ကြားခဲ့ကြသူတွေ ဖြစ်ပါတယ်။

"ကဏ္ဍလေးခုနဲ့ သွားနေတာပေါ့နော်။ ရာသီဥတုပြောင်းလဲမှု အရှိန်လျော့ကျရေး၊ သဘာဝအရင်းအမြစ်သုံးစွဲမှု သဟဇာတဖြစ်ရေး၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေကို ကာကွယ်ဖို့နဲ့ နောက်ဆုံးကတော့ အခြေခံသဘာဝပတ်ဝန်းကျင် ပညာပေးတာပေါ့"

Mindful Burma အဖွဲ့ကို ၂၀၂၀ ကိုဗစ်ကာလမှာ စတည်ထောင်ခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနဲ့ မှန်ကန်တဲ့ အချက်အလက်တွေကို မြန်မာဘာသာနဲ့ပဲ လေ့လာနိုင်အောင် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

Mindful Burma လို့ အမည်ပေးဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာနဲ့ တည်ထောင်သူ မအချစ်တော်က ခုလိုပြောပြပါတယ်။

“သူငယ်ချင်းတွေစုပြီး စဥ်းစားခဲ့တာ။ Mindfulness ဆိုတဲ့ အသိ၊ သတိရှိတဲ့ သတိပဋ္ဌာန်တရားကို စာတန်းတွေ ဖတ်ကြည့်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆိုတဲ့ အပြုအမူတွေနဲ့ သွားပြီးချိတ်ဆက်လို့ရတယ်။ အသိ၊ သတိရှိတာသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် အပြုအမူတွေကို ပိုအားပေးတယ်ဆိုတာတွေ့ တော့ Mindful Burma ပေါ့နော် ။ အင်တာနက်ပေါ်မှာ အချက်လက်တွေကို အင်္ဂလိပ်လို သွားရှာမဲ့အစား အချက်အလက်စစ်ဆေးပြီးသား လူတွေ စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာလိုရေးထားတဲ့ အချက်တွေကို ပြန်ပြီး မြန်မာ့လူမှုအသိုင်းအဝိုင်းကို ပြန်ပို့ပေးမယ်ဆိုတဲ့စိတ်ကူးနဲ့ Mindful Burma ကို စဖြစ်ခဲ့တာ”

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေပေးနေသည့် Mindful Burma အဖွဲ့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Facebook/Mindful Burma)
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေပေးနေသည့် Mindful Burma အဖွဲ့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Facebook/Mindful Burma)

Mindful Burma အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အသိပညာပေးတဲ့အပိုင်းနဲ့ ပညာရေးအပိုင်း ဆိုပြီး နှစ်ပိုင်းခွဲခြားထားတယ်လို့လည်း သူက ပြောပါတယ်။ အသိပညာပေးတဲ့အပိုင်းမှာ ဆောင်းပါးတွေရေးတာ၊ စာဖတ်ဖို့ အချိန်မရတဲ့သူတွေအတွက် Podcast တွေလုပ်တာ၊ ဟောပြောပွဲနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပါဝင်ပြီး ပညာရေးပိုင်းမှာတော့ ရွှေ့ပြောင်းကျောင်းတွေက ကလေးတွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပညာမျှဝေတာနဲ့ အခမဲ့သင်တန်းဖွင့်တာတွေ လုပ်ပါတယ်။

ကိုယ်တိုင်က သဘာပတ်ဝန်းကျင်အရေးကို စိတ်ဝင်စားတာကြောင့် အဖွဲ့ဝင်ဖြစ်လာတာလို့ Mindful Burma ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ မဝတ်ရည်က ပြောပါတယ်။

ဆက်နွှယ်သောသတင်းများ

မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်ခံနိုင်ရည် နည်းနေကြောင်း ပညာရှင်ပြောOpens in new window ]

လေထုညစ်ညမ်းမှု ပြဿနာဖြေရှင်းရေး ထိုင်း၊ မြန်မာနဲ့ လာအို ပူးပေါင်းကြိုးပမ်းOpens in new window ]

သစ်တောပြုန်းတီးမှုကို လျှော့ချပေးတဲ့ လောင်စာလုပ်ငန်းOpens in new window ]

"ပါဝင်ဖြစ်တာက ညီမရဲ့အထူးပြုတာက သဘာဝပတ်ဝန်းကျင်နယ်ပယ်က ဖြစ်လို့ပါ။ လုပ်နေတဲ့ဆောင်းပါးတွေ podcast တွေကလည်း လက်ရှိ စိတ်ဝင်စားနေတဲ့ ကဏ္ဍလေးခုနဲ့ သွားနေတာပေါ့နော်။ ရာသီဥတုပြောင်းလဲမှု အရှိန်လျော့ကျရေး၊ သဘာဝအရင်းအမြစ် သုံးစွဲမှု သဟဇာတဖြစ်ရေး၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေကို ကာကွယ်ဖို့နဲ့ နောက်ဆုံးကတော့ အခြေခံသဘာဝပတ်ဝန်းကျင် ပညာပေးတာပေါ့နော်၊ ဒါတွေကို စိတ်ဝင်စားလို့ပါ"

Mindful Burma ဟာ ရာသီဥတုပြောင်းလဲမှု အရှိန်လျော့ကျရေး၊ ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝအရင်းအမြစ် သုံးစွဲမှု သဟဇာတဖြစ်ရေးနဲ့ အခြေခံ သဘာဝပတ်ဝန်းကျင်ပညာရေး စတဲ့ ကဏ္ဍလေးခု အောက်ကနေ အသိပညာတွေ မျှဝေပေးနေတာပါ။

(Facebook/Mindful Burma)
(Facebook/Mindful Burma)

အရင်က ပညာရေးစနစ်ကြောင့် မရခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အသိတွေကို အခုခေတ်ကလေးတွေ ငယ်ငယ်ကတည်းက ရင်းနှီးစေချင်တဲ့ အတွေးရှိတယ်လို့လည်း မအချစ်တော်က ပြောပါတယ်။

“သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ရင် ကျောင်းပညာမှာကတည်းက ပေးခဲ့တာနည်းတယ်။ ပညာရေးစနစ်ကြောင့် လည်းပါမယ်။ ရခဲ့တာတွေက ကျောင်းမှာသင်တယ်ဆိုပေမဲ့ ကျက်ပြီးဖြေခဲ့တာဆိုတော့ နားမလည်ခဲ့တာရှိ တယ်။ အဲဒါတွေကို ခုနောက်ပိုင်းမှာ ကလေးတွေကို activity တွေလုပ်ပြီး သင်ပေးတယ်။ စာကျက်ပြီးဖြေတဲ့ပုံစံ မဖြစ်ဘဲနဲ့ လူနဲ့ ကမ္ဘာသည်ခွဲလို့မရဘူး။ လူက ကမ္ဘာကို မှီပြီး နေနေရတယ်ဆိုတဲ့ အသိလေး ငယ်ငယ်တည်းက ဝင်သွားရင် ကြီးလာတဲ့အခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အသိစိတ်လေးရှိတယ်ဆိုရင် ဥပမာ ပလတ်စတစ် မသုံးတော့ဘဲ တစ်ခုခုပြောင်းသုံးတာမျိုးဒါမျိုးတွေရှိမယ်။ ဒါကို တွေးမိတယ်”

လက်ရှိမြန်မာနိုင်ငံမှာတော့ အမှိုက်ကို စနစ်တကျခွဲပြီးပစ်တတ်အောင်နဲ့ အမှိုက်ပုံးထဲ အမှိုက်ရောက်ဖို့ကိုတောင် ကြိုးစားနေရဆဲဖြစ်တယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။

အဖွဲ့သက်တမ်း ငါးနှစ်ပြည့်ချိန်ကျရင် စတင်တည်ထောင်ကတည်းက အခုချိန်ထိရေးခဲ့တဲ့ ဆောင်းပါးတွေကို E- Book အနေနဲ့ ထုတ်ဖို့ရှိပြီး ဒါဟာလည်း စက္ကူလျှော့ချဖို့ ရည်ရွယ်စီစဥ်တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆောင်းပါးနဲ့ Podcast တွေကို မြန်မာဘာသာတစ်ခုတည်းနဲ့ ပြုလုပ်နေပေမဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ထုတ်နိုင်အောင်လည်း ကြိုးစားနေကြပါတယ်။

သဘာဝပတ်ဝန်းကျင်ဟာ လူတွေကြောင့်ပဲ ပိုမိုပျက်စီးလာတယ်ဆိုတာသိပြီး ထိန်းသိမ်းတတ်တဲ့ အပြုမူကောင်း တွေကို မွေးမြူသင့်တယ်လို့ မအချစ်တော်က ဆိုပါတယ်။

“ကမ္ဘာပေါ်မှာ ကြုံနေရတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အများကြီးရှိတယ်။ မုန်တိုင်းတွေ ရှိမယ်၊ ငလျင်လှုပ်တာတွေရှိမယ်။ ရေကြီးတာတွေရှိမယ်။ ဒါတွေ အကုန်လုံးက သဘာဝဖြစ်စဥ်ပဲ ။ ဒါကိုမှ လူတွေရဲ့ လုပ်ရပ်ကြောင့် ပိုပြင်းထန်လာတယ်ဆိုတော့ အကုန် အသိ၊ သတိလေးကပ်ပြီး ကိုယ်တစ်ခုခုလုပ်လိုက်မယ်ဆိုရင် ဒါက သဘာဝပတ်ဝန်းကျင်ကို ဘယ်လို သွားထိခိုက်နိုင်မလဲ အဲဒီလို mindfulness ကနေစပြီးသဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ အပြုအမူလေးတွေ မွေးမြူဖို့ တိုက်တွန်းချင်တယ်”