စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
2025.01.15

တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲက ကလေးငယ်တွေဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အတွက် အာဟာရချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်၊ ကယားနဲ့ ကရင်ပြည်နယ်က ကလေးငယ်တွေလည်း ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။
"ကလေးတွေကို ကျွေးမွေးဖို့အတွက် ဆန်တွေကအစ မလုံလောက်တဲ့ အနေအထားမျိုးတွေရှိတယ်"
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေး (မြောက်) ရွာကနေ သုံးနှစ်နီးပါးကြာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အမျိုးသမီးတစ်ဦးက စားသောက်ရေး ကြုံသလိုဖြေရှင်းနေရတာကြောင့် သူ့ ကလေးနှစ်ယောက် အာဟာရချို့တဲ့နေတယ်လို့ RFA ကို ပြောပြပါတယ်။
“ဆန်ကြမ်းတို့၊ ဆန်ကွဲတို့ စားပြီးတော့လေ ချဉ်ဟင်း၊ ငါးပိကြော်၊ ငါးပိ ဒါနဲ့ပဲ လုံးလည်ပတ်ချာလည်နေတာ။ ဇီးဖြူသီးထောင်းတို့ပေါ့နော်။ အဲဒီလိုဟာတွေနဲ့ ပတ်ချာလည်နေတာ။ ကလေးတွေက အာဟာရမပြည့်တဲ့ အခါကျတော့ ခဏခဏဖျားတယ်။ ပိန်လှီတဲ့ကလေးတွေ ဖြစ်နေတယ်။ ကျန်းမာရေးကလည်း မကောင်းဘူး။ အကြောတွေဘာတွေလည်း ကပ်ကပ်သွားတယ်”
ဆက်နွှယ်သောသတင်းများ
ပြည်တွင်းစစ်ကြောင့် ကလေးခြောက်သန်း အာဟာရချို့တဲ့နေ
အာဟာရ ချို့တဲ့နေတဲ့ မြန်မာလူထု
အာဏာသိမ်းကာလအတွင်း ကလေး ၆၇၀ ကျော် သေဆုံး
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကလေးတွေလည်း အစားအစာမလုံလောက်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးလူငယ်များအစည်းအရုံး အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
“တချို့ စစ်ဘေးရှောင်စခန်းတွေဆိုရင် စားစရာမရှိဘူးပေါ့နော်။ ကလေးတွေကို ကျွေးမွေးဖို့အတွက် ဆန်တွေကအစ မလုံလောက်တဲ့ အနေအထားမျိုးတွေရှိတယ်။ တချို့ဆိုရင် မိသားစုက ငါးယောက်ရှိတယ်ဆိုရင် အဲဒီမှာ ကလေးတွေကိုပဲ ကျွေးပြီးတော့ အမေတွေက အငတ်ခံရတဲ့ အနေအထားတွေရှိတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ လုံလုံလောက်လောက် အာဟာရတွေမပါဘူး”
ဖရူဆို၊ ဒီးမော့ဆို၊ မိုးဗြဲနဲ့ ဖယ်ခုံဘက် စစ်ဘေးဒုက္ခသည်စခန်းက ငါးနှစ်အောက်ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်း အာဟာရချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ အဲဒီမှာ မိခင်နဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ သားဖွားဆရာမတစ်ဦးက RFA ကို ပြောပါတယ်။
“အာဟာရချို့တဲ့မှုကို ဘယ်သူတွေ အဆိုးရွားဆုံးခံစားနေရလဲဆိုရင် ငါးနှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်နဲ့ သက်ကြီးရွယ်အိုတွေ ပိုပြီးတော့ ခံစားရမယ်လို့ထင်တယ်။ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် သွေးအားနည်းတာတွေရှိမယ်။ ကလေးရင်သွေး ကျန်းမာရေးထိခိုက်နိုင်တယ်။ ဒီဘက်မှာ အာဟာရချို့တဲ့မှုကို များသောအားဖြင့် စစ်ရှောင်တွေပိုပြီးတော့ ခံစားရမယ်လို့မြင်တယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ကလေးတစ်ယောက်ရဲ့ အာဟာရချို့တဲ့မှုဟာ အသက် သေဆုံးနိုင်ခြေရှိတာကြောင့် ဒီပြဿနာကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ RFA ကို ပြောပါတယ်။
“အာဟာရချို့တဲ့ပြီဆိုရင် အရိုးကစပြီး ပြဿနာတက်ပြီ။ အရိုးတွေက ပုံစံမမှန်တာတွေ၊ အရိုးပျော့တဲ့ ပြဿနာမျိုးတွေ ဖြစ်နေတာတွေ၊ ကြီးထွားမှုနှုန်း မမီတဲ့ကိစ္စတွေ၊ သေဆုံးတဲ့ အခြေအနေတွေအထိ ဖြစ်နိုင်တယ်။ နောက်တစ်ခုက ဉာဏ်ရည်ချို့တဲ့တာ။ တခြားရောဂါတွေပါ ထပ်ပြီးတော့ ပါလာနိုင်တယ်။ ဒီပြဿနာကကြီးတယ်။ ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်မှဖြစ်မယ်။ မဟုတ်ရင် မွေးကင်းစကလေးတွေကနေ ကလေးသူငယ်တွေ သေဆုံးမှုနှုန်းမြင့်လိမ့်မယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးကတော့ လိုအပ်တဲ့နေရာတွေကို လက်လှမ်းမီနိုင်သလောက် ကူညီပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“စစ်ရှောင်စခန်းတွေမှာ ကလေးတွေအာဟာရဓာတ် ချို့တဲ့တာကို သိပါတယ်။ ကျွန်မကိုယ်တိုင်လည်း သွားတဲ့အခါမှာ တွေ့ရပါတယ်။ ကောက်ယူထားတဲ့ ကိန်းဂဏန်း တိတိကျကျတော့ မရှိပါဘူး။ ကျွန်မတို့အနေနဲ့ လိုအပ်တဲ့နေရာတွေကို စစ်ရှောင်အမျိုးသမီးနဲ့ ကလေးတွေအတွက် အာဟာရနဲ့ မွေးမိခင်တွေအတွက် ထောက်ပံ့မှုစရိတ်ဆိုပြီး အလှူငွေတွေ လွှဲပေးနေတာရှိပါတယ်”
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက ကလေးတစ်သန်းကျော်ဟာ အရေးကြီးတဲ့ ကာကွယ်ဆေးထိုးခွင့်မရဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာလည်း ကလေးငယ်တွေအတွက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး ကလေး ၇၀ ရာခိုင်နှုန်းခန့် ကာကွယ်ဆေးထိုးခွင့်မရဘူးလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံ မဖူးပွင့်ဝေက RFA ကို ပြောပါတယ်။
“ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ နယ်ကကလေးတွေ တော်တော်များများက မွေးကင်းစမှာဆိုရင် ထိုးရမဲ့ ကာကွယ်ဆေးတွေ ရှိတယ်ပေါ့နော်။ အဲလိုမျိုးကို ထိုးနိုင်ခြင်း မရှိကြဘူး။ စစ်ကောင်စီကနေ ဖွင့်ထားတဲ့ မြို့နဲ့အလှမ်းနီးတဲ့ နေရာလောက်တွေပဲ ကာကွယ်ဆေးထိုးနိုင်ခြင်းရှိကြတယ်။ တခြား ကျောက်ရောဂါ ကာကွယ်ဆေးတို့၊ မွေးကင်းစကလေးငယ်တွေ ထိုးရမဲ့ကာကွယ်ဆေးတွေ အများကြီးရှိတယ်။ အဲဒီ အများကြီးထဲမှာမှ တစ်လုံးတစ်လေမှ တောဘက်တွေမှာဆိုရင် ထိုးနိုင်ခြင်းမရှိသေးဘူး"
ဒီအခြေအနေတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ရာဒေသ ဒါမှမဟုတ် အလုံးစုံ ထိန်းချုပ်ထားရာဒေသတွေမှာ ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က ဆေးဝါးနဲ့ ရိက္ခာသယ်ယူခွင့် တင်းကျပ်ထားတာကြောင့်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
UNICEF ရဲ့ ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာ ထုတ်ပြန်ချက်အရ မြန်မာကလေး ခြောက်သန်းနီးပါးဟာ ပိုမိုဆိုးရွားလာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
အဟာရချို့တဲ့မှုနဲ့ ကာကွယ်ဆေးထိုးခွင့် မရတာအပြင် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ကလေး ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်း ပဋိပက္ခတွေဆက်ဖြစ်နေတာကြောင့် လူသုံးသန်းခွဲကျော် နေရပ်စွန့်ခွာနေရပြီး အဲဒီအထဲက တစ်သန်းကျော်ဟာ ကလေးတွေဖြစ်တယ်လို့ UNICEF က ထုတ်ပြန်ထားပါတယ်။