အာဏာသိမ်းကာလအတွင်း ကလေး ၆၇၀ ကျော် သေဆုံး
2024.11.20
![အာဏာသိမ်းကာလအတွင်း ကလေး ၆၇၀ ကျော် သေဆုံး အာဏာသိမ်းကာလအတွင်း ကလေး ၆၇၀ ကျော် သေဆုံး](https://www.rfa.org/burmese/news/coup-child-killed-11202024230441.html/@@images/c7a7528e-e4bd-47ad-9be2-de9e17adde20.jpeg)
စစ်တပ်အာဏာသိမ်းချိန်ကနေ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် ကလေး ၆၇၁ ဦး သေဆုံးပြီး ကလေးသေဆုံးမှုနှုန်းကလည်း တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်မှာ ၁၈ နှစ်အောက် ကလေး ၁၀၁ ဦး သေဆုံးပြီး ၂၀၂၂ ခုနှစ်မှာ ၁၃၆ ဦးအထိ သေဆုံးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ သေဆုံးသူ ကလေး ၂၀၈ ဦးရှိပြီး အခု ၂၀၂၄ ခုနှစ် မကုန်ခင်မှာပဲ သေဆုံးသူ ကလေး အရေအတွက်က ၂၂၆ ဦး အထိ ရှိလာတာပါ။
နိုဝင်ဘာလ ၁၅ ရက်နေ့က ဆိုရင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးဒုက္ခသည် ကိုးဦး သေဆုံးပြီး အဲဒီအထဲမှာ ကလေး ခုနစ်ဦး ပါဝင်တယ်လို့ AAPP က ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသေဆုံးမှုတွေ များလာတဲ့အတွက် စစ်ကောင်စီကို လေယာဉ်ဆီပိတ်ဆို့ရေး အချိန်မဆိုင်းဘဲ လုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဆန်နာလှလှစိုးက နိုဝင်ဘာလ ၂၀ ရက် မနေ့ကပြုလုပ်တဲ့ ကမ္ဘာ့ကလေးသူငယ်များနေ့ အခမ်းအနားမှာ တိုက်တွန်းပါတယ်။
“ကလေးပါမရှောင် စစ်အုပ်စုက ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့အတွက်ကြောင့် စစ်အုပ်စုကို လေယာဉ်ဆီများ ရောင်းချမှုကို အထူး ချက်ချင်းလုပ်ဆောင်ဖို့ ကိစ္စတစ်ရပ်အနေနဲ့ တောင်းဆိုလိုပါတယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
AAPP ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီအရေးလှုူပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ခြောက်ထောင်နီးပါး (၅၉၇၃ ဦး) သေဆုံးခဲ့ပါတယ်။