တရုတ်ရဲ့ နယ်စပ်ဂိတ် ပိတ်၊ ဖြတ်တောက်မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေရ
2024.10.23
တရုတ်- မြန်မာနယ်စပ် ကျယ်ဂေါင်မြို့ဘက်ကနေ မြန်မာဘက်အခြမ်း မူဆယ်မြို့ဘက် ကုန်ပစ္စည်းသယ်ယူခွင့်ကို အောက်တိုဘာ ၂၂ ရက် မနေ့ကစပြီး တရုတ်နိုင်ငံဘက်က ကန့်သတ်လိုက်တယ်လို့ မူဆယ်မြို့ခံ ကုန်သည်တွေက ပြောပါတယ်။
ဖုန်းအပါအဝင် လျှပ်စစ်နဲ့ အိမ်ဆောက်ပစ္စည်း သယ်ယူခွင့်ကို ကန့်သတ်လိုက်ပြီး စစ်ဆေးတွေ့ရှိရင် ပစ္စည်းတွေကိုသိမ်းသလို ပြည်ဝင်ခွင့်လေးနှစ်ပါ ပိတ်တယ်လို့ ကျယ်ဂေါင်မှာရောက်နေတဲ့ မူဆယ်မြို့ခံ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“လျှပ်စစ်ပစ္စည်း၊ မီးပစ္စည်း၊ ဆိုလာပြားတို့၊ အင်ဂျင်ဝိုင်တို့ အကုန်မပေးဘူး။ လုံးဝ မသယ်ခိုင်းဘူး။ အွန်လိုင်းပစ္စည်းတို့။ တင်တာတွေ့ရင် လေးနှစ် ပိတ်လိုက်တယ်။ နောက်ထပ်ကတော့ အစစ်အဆေးတွေ အတော် ကြမ်းနေတာ။ မုန့်ဖာ သယ်လို့ရတယ်။ အင်္ကျီ သယ်လို့ရတယ်။ ဖိနပ် သယ်လို့ရတယ်ပေါ့။ လျှပ်စစ်ပစ္စည်းတို့ ဘာတို့ပဲ မရတာ။ ဖုန်းတို့ ဘာတို့ မရဘူး။ မြန်မာဘက်ရော တရုတ်ဘက်ရော ကျပ်လိုက်တာပေါ့”
ဘာကြောင့် အခုလို ကန့်သတ်လိုက်တယ်ဆိုတာကိုတော့ တိတိကျကျထုတ်ပြန်တာ မရှိဘူးလို့ ဆိုပါတယ်။
မူဆယ်မြို့ခံတချို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက နယ်စပ်ဂိတ်မှာ ကျည်ကာအင်္ကျီနဲ့ ဦးထုပ်တွေ ဖမ်းမိပြီးနောက်ပိုင်း တရုတ်ဘက်က အခုလို တင်းကျပ်လာတာလို့ ပြောပါတယ်။
မြန်မာဘက်အခြမ်းမှာလည်း တရုတ်ဘက်က ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီဘက်က အသေးစိတ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
“ရေ၊ လျှပ်စစ်မီး၊ အင်တာနက်အပြင် လူဝင်၊ လူထွက်ခွင့်တွေကိုပါ တရုတ်ဘက်က ကန့်သတ်ထားတာပါ”
တရုတ်ဟာ ရှမ်းမြောက်က တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖိအားပေးတဲ့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းစပြီး ပိတ်ထားတာပါ။
ထောက်ပံ့ရေးပစ္စည်းအဖြစ် အသုံးပြုလို့ရနိုင်တဲ့ ဆန်၊ ဆေးဝါး၊ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီကို ဖြတ်ငါးဖြတ်သဖွယ် ဖြတ်တောက်နေပြီး ရေ၊ လျှပ်စစ်မီး၊ အင်တာနက်အပြင် လူဝင်၊ လူထွက်ခွင့်တွေကိုပါ တရုတ်ဘက်က ကန့်သတ်ထားတာပါ။
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်နဲ့ တရုတ်နိုင်ငံ နန်းစံနယ်စပ်ဂိတ်၊ လောက်ကိုင်မြို့နယ် ရန်လုံကြိုင်း နယ်စပ်ဂိတ်၊ မူဆယ်ခရိုင်အတွင်းက ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုး နယ်စပ်ဂိတ်တွေကိုလည်း တရုတ်ဘက်က ပိတ်ထားပြီး စားသောက်ကုန် သယ်ယူခွင့်ကို ကန့်သတ်ထားတာပါ။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၄ ရက်နေ့ကလည်း UWSA “ဝ”တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်တစ်မြို့နယ် မန်ခါးနယ်စပ် ကုန်သွယ်ရေးဂိတ်ကို တရုတ်နိုင်ငံဘက်က ပိတ်ဆို့လိုက်ပါတယ်။
ဒါပေမဲ့ “ဝ” ဒေသအတွင်းက ပန်ဆန်း-မုံးအ၊ ဟိုတောင်-မန်ရှီး၊ ပန်ဝိုင်-ယုံဟော် နယ်စပ်ဂိတ်တွေကိုတော့ တရုတ်ဘက်က ပုံမှန်ဖွင့်ထားပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၂၇ ရက်နေ့ကလည်း “ဝ”တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းက ယူနန်ပြည်နယ် ဖူအားမြို့မှာ ခေါ်ယူတွေ့ဆုံပြီး “ဝ”နဲ့ မိုင်းလားဒေသတွေကနေ ကိုးကန့်ဒေသကို စားသောက်ကုန်နဲ့ ဆေးဝါးတွေ သယ်ဆောင်ခွင့်မပေးဖို့ ဖိအားပေးပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်း “ဝ”တပ်ဖွဲ့ထိန်းချုပ်တဲ့ နမ့်တစ်နဲ့ ဟိုပန်မြို့တွေကနေ MNDAA နဲ့ TNLA ထိန်းချုပ်နယ်မြေဆီ ကုန်ပစ္စည်းသယ်ယူခွင့်ကိုပါ “ဝ”တပ်ဖွဲ့ဘက်က ပိတ်ဆို့လိုက်ပါတယ်။
“ဝ”တပ်ဖွဲ့က စစ်ဆေးမှုပါ တင်းကျပ်လိုက်တာကြောင့် ဒေသခံတွေအချင်းချင်း ကုန်ပစ္စည်းအပြန်အလှန် ရောင်းခွင့်တောင် မရတော့ဘူးလို့ ဟိုပန်မြို့ခံ ကုန်သည်အမျိုးတစ်ဦးက RFA ကို ပြောပါတယ်။
“ “ဝ” ပြည်ဘက်ကနေ ကိုးကန့်နယ်ဘက်ကို ဘာတစ်ခုမှ သယ်လို့မရဘူး။ ရေတောင် ရေဗူးအပြည့် ယူသွားရင် သယ်လို့မရဘူး။ ပန်းသီးဆို စားဖို့ပါလို့ ပြောရင်တောင် တစ်ခါတည်း စားသွားလို့ပြောတာ။ အကုန်ပိတ်ထားတယ်။ ရေတောင် သယ်ခွင့်မပေးဘူး။ ကွမ်လုံတို့ နမ့်ဟူးတို့ ချင်းရွှေဟော်တို့ သမားတွေဆိုရင်လည်း အဲဒီမှာပဲ ရောင်း၊ ဒီဘက်က လူတွေကလည်း ဒီမှာပဲ ရောင်း၊ အဲဒီလိုမျိုးပေါ့။ အရင်တုန်းကဆိုရင်တော့ ကွမ်လုံသမားတွေလည်း ဟိုပန် လာရောင်းတယ်။ ဟိုပန်သမားတွေလည်း ကွမ်လုံ သွားရောင်းတယ်၊ အဲဒီလိုမျိုးပေါ့။ အခုတော့ ကွမ်လုံသမားတွေ ပစ္စည်းလာရောင်းရင် ပြန်ယူသွားလို့ မရတော့တဲ့အတွက် ဒီမှာထားဖို့ အဆင်မပြေတော့ ကွမ်လုံသမားတွေလည်း ဟိုပန်ကို လာမရောင်းကြတော့ဘူး”
ဒါ့အပြင် နယ်စပ်ဂိတ်တွေကနေ တရုတ်ကုန်စည်တွေ ဝင်မလာတော့တာကြောင့် တရုတ်ထုတ် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အရင်ထက် တစ်ဆနီးပါး ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ် စတဲ့မြို့ပေါင်း ၁၂ မြို့ကို TNLA က သိမ်းပိုက်ထားပါတယ်။
MNDAA ကတော့ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကုန်းကြမ်း၊ တာမိုးညဲ၊ ကြူကုတ် (ပန်ဆိုင်း) လားရှိုး စတဲ့မြို့တွေကို သိမ်းထားပြီး UWSA “ဝ”တပ်ဖွဲ့က ဟိုပန်မြို့နယ်နဲ့ ပန်လုံမြို့တွေကို သိမ်းထားပါတယ်။
MNDAA သိမ်းပိုက်ထားတဲ့ မြို့ရှစ်မြို့ထဲက ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုန် (ပန်ဆိုင်း) မြို့တွေဟာ တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ မြို့တွေဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံအကြား အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ကုန်သွယ်မှုရှိခဲ့တဲ့ ကုန်သွယ်ရေးစခန်းတွေ ရှိနေတာပါ။
TNLA သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၁၂ မြို့ထဲက နမ့်ခမ်းမြို့ဟာလည်း တရုတ်နယ်စပ်နဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။
“တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေပိတ်ပြီး အကုန်လုံး ဖြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်”
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တွေမှာ ဆန်၊ စားသောက်ကုန်၊ စက်သုံးဆီနဲ့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီဘက်ကပါ ပိတ်ဆို့ထားခဲ့ပါတယ်။
ဒါ့ကြောင့် ဒေသခံတွေအနေနဲ့ တရုတ်နယ်စပ်ဂိတ်တွေကနေ ဝင်လာတဲ့ကုန်ပစ္စည်းတွေကို အဓိက အားထားနေရတာပါ။
လက်ရှိ တရုတ်နိုင်ငံက နယ်စပ်ဂိတ်တွေပိတ်ပြီး အကုန်လုံး ဖြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ သိန္နီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကုန်ဈေးနှုန်း တက်တာပါပဲ။ ပစ္စည်းပြတ်တာမျိုးတော့ မရှိသေးပါဘူး။ ၂၅၀၀ ရောင်းတဲ့မုန့်ဆိုရင် ငါးထောင်လောက် ဖြစ်သွားတယ်။ ဓာတ်ဆီဆိုရင်လည်း ဒီမှာ ၇၅၀၀ လောက်ဝယ်နေရတာ။ ဘာလို့လဲဆိုရင် ဒီဘက်က ပိတ်ဆို့ထားတဲ့အခါကျတော့ ခက်ခက်ခဲခဲနဲ့လာရတော့ ကုန်ဈေးနှုန်းတွေက တက်ကုန်တာပေါ့။ ဆေးဆိုရင်လည်း ဒီလိုပဲ ဒီကိုဂျင်တို့ ဘာတို့တောင် ၃၅၀၀၊ လေးထောင်လောက် ဖြစ်ကုန်ပြီ တစ်ကတ်ကို”
ကွတ်ခိုင်မြို့မှာလည်း ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိ ဈေးတက်ခဲ့ပြီး နာတာရှည် ရောဂါသမားတွေ အသုံးပြုတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဆေးတွေလည်း ပြတ်လပ်နေတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုတုန်းက တစ်သိန်းမရှိတဲ့ဆန်တွေက ၁၈၀,၀၀၀ နဲ့ နှစ်သိန်းဝန်းကျင်မှာပေါ့။ အရင်တုန်းက ဆားက အိတ်ကလေးနဲ့လေ အဲဒီတစ်ဆွဲကတော့ ခြောက်ရာ၊ ရှစ်ရာပေါ့နော်။ အခု ဟိုတစ်နေ့က သွားဝယ်တော့ သုံးထောင်ပေါ့နော်။ တချို့နေရာတွေမှာဆိုရင် ခြောက်ထောင်ပေါ့။ အဲဒီလိုမျိုးတော့ ဖြစ်နေတယ်။ ဆေးဝါးတွေဆိုရင်လည်း အခုက ပိုဆိုးပြီးပေါ့။ ဈေးနှုန်းတွေလည်းတက် အဲဒီလိုပေါ့။ ငါတို့ တိုင်းရင်သားတွေတော့ လိုအပ်လာပြီဟေ့ ဆိုရင်တော့ တိုင်းရင်းဆေးပဲ သုံးရတော့မှာပေါ့”
ဆက်နွှယ်သောသတင်းများ
KIA ထိန်းချုပ်နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်ပိတ်ထား
ကန်ဒေါ်လာ ကိုးဘီလီယံကျော် တန်ဖိုးရှိ နယ်စပ်ကုန်သွယ်ရေးစခန်းငါးခုကို စစ်ကောင်စီဆုံးရှုံး
မြန်မာ့အရေးတရုတ်မူဝါဒ အပြောနဲ့လက်တွေ့ ကွဲလွဲနေ
TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ စက်သုံးဆီနဲ့ ဆေးဝါးရရှိဖို့ အခက်အခဲဆုံးဖြစ်နေတဲ့ နမ်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်အတွက် အဆင်ပြေအောင် ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။
“စက်ဆီပိုင်းမှာတော့ တော်တော်လေး ပြတ်လပ်တယ်လို့ ပြောလို့ရတယ်။ နောက်ပြီး ဆေးဝါးပိုင်းတွေမှာလည်း သယ်ယူဖို့ တော်တော်လေး ခက်ခဲတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ လက်ရှိကတော့ ကျွန်မတို့က ဒီကိစ္စတွေကို ကျော်လွှားဖို့ ကြိုးစားဆောင်ရွက်နေတယ်။ လက်ရှိကတော့ ဒီနှစ်ခုကတော့ အခက်အခဲဆုံးဖြစ်ပါတယ် ဟုတ်ကဲ့”
တရုတ်အနေနဲ့ TNLA ကိုလည်း တိုက်ပွဲရပ်ဖို့ ဆက်လက်ဖိအားပေးနေဆဲဖြစ်တယ်လို့ လွေးယေဦးက ဆိုပါတယ်။
ဒါပေမဲ့ တရုတ်ရဲ့ဖိအားအပေါ် ဘယ်လို တုံ့ပြန်မလဲဆိုတာကိုတော့ TNLA ဘက်က တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။
MNDAA ကလည်း တရုတ်ဘက်က ဖိအားပေးပြီးနောက်ပိုင်း သူတို့တပ်ဖွဲ့ဝင်တွေအနေနဲ့ အနောက်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကို ခရီးမသွားဖို့၊ အနောက်တိုင်းမီဒီယာတွေကို မဖြေဖို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ပါ ချိတ်ဆက်ဆောင်ရွက်မှာမဟုတ်ကြောင်း ထုတ်ပြန်အသိပေးခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ဘက်ကတော့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတာ မရှိဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နယ်စပ်ဂိတ်တွေပိတ်တာနဲ့ ကုန်ပစ္စည်းသယ်ခွင့်ကို ကန့်သတ်လိုက်တဲ့အပေါ်တုံ့ပြန်မှုရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုခြင်းတော့ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ နှုတ်ဆိတ်နေခဲ့တဲ့ တရုတ်နိုင်ငံဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယအတွင်း လားရှိုးမြို့ကို MNDAA က သိမ်းလိုက်ချိန်မှာတော့ တိုက်ပွဲတွေရပ်ဖို့ဆိုပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို ဖိအားပေးလာပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ သြဂုတ် နေပြည်တော်ရီးစဥ်အပြီးမှာလည်း စစ်ကောင်စီကို တရုတ်နိုင်ငံဘက်က ထောက်ခံမှုတွေတွေ ပိုမိုပြသလာတာပါ။
ဒါပေမဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်အနီးက မြို့တွေကို စစ်ကောင်စီတပ်က နေ့စဥ်နီးပါး လေကြောင်းနဲ့ တိုက်ခိုက်နေတာကိုတော့ တရုတ်နိုင်ငံအနေနဲ့ နှုတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်ဒေသက ဆုံးရှုံးသွားတဲ့မြို့တွေ ပြန်ရဖို့အတွက် လုပ်ဆောင်နေသလို နောင်ချိုမြို့ တောင်ခမ်းရွာနဲ့ နမ့်လန်မြို့တွေကိုလည်း စစ်အင်အား ဖြည့်တင်းနေပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်-နောင်ချိုလမ်းကနေ စစ်ကြောင်းထိုးနေပြီး ဝက်ဝံစစ်ဆေးရေးဂိတ်ကိုပါ ပိတ်လိုက်တာကြောင့် ရှမ်းမြောက်ဒေသနဲ့ မိုးကုတ်မြို့တွေဆီ ကုန်ပစ္စည်းသယ်လို့မရတော့သလို လူတွေပါ သွားလို့မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - ဒေသခံ သုံးဦးနှင့် TNLA ပြောခွင့်ရသူတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)