ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရသူတွေရှိရင် အကြောင်းကြားဖို့ DKBA ပြော

RFA Burmese
2025.02.11
ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရသူတွေရှိရင် အကြောင်းကြားဖို့ DKBA ပြော မြဝတီမြို့တောင်ဘက် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ကျေးရွာက တရုတ်ငွေလိမ်လုပ်ငန်းများတွင် လူကုန်ကူးခံထားရသူတချို့အား စိစစ်နေသည်ကို တွေ့ရစဉ်။
Citizen Photo

Updated 9:39 PM Feb 11, 2025

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေ ကျောက်ခတ်ကျေးရွာအပိုင်ထဲက တရုတ်ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသား ၁၇ဝ ကျော်ကို ထိုင်းနိုင်ငံကတစ်ဆင့် နေရပ်အသီးသီးကို ပြန်လည်လွှဲပြောင်းဖို့စီစဉ်နေကြပါတယ်။

ဒီနေ့မှာပဲ မြဝတီမြို့နယ် ရွှေကုက္ကိုတစ်ဝိုက် ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က ခေါင်းဆောင်သုံးဦးကို ထိုင်းနိုင်ငံဘက်က လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေတဲ့အကြောင်း ထုတ်ပြောလာတာလည်း ဖြစ်ပါတယ်။

DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီးစောဆန်းအောင်က လူကုန်ကူးခံထားရတဲ့သူတွေကို သက်ဆိုင်ရာနိုင်ငံအလိုက် အချက်အလက်တွေစီစစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို လွှဲပေးသွားမယ်လို့ ပြောပါတယ်။

"ဒီမကြာခင်ရက်လေးမှာပေါ့လေ၊ ဒီရက်အတောအတွင်းမှာ လက်ရှိအဲဒီလူသားချင်းကို စော်ကား၊ ဖိနှိပ်၊ ရက်စက်၊ ကြမ်းကြုတ်၊ လှောင်အိမ်ထဲက ငှက်ပမာလို သိမ်းပြီးတော့ အလုပ်ကျွန်ပြုနေတဲ့သူတွေကို သူ့နိုင်ငံကို ပြန်လည်အပ်နှင်းဖို့ဆိုတာ ကျွန်တော်တို့ ဒီနေ့ကစပြီးတော့ လုပ်နေတယ်ပေါ့၊ ဒီနေ့ထဲမှာ မအပ်ဖြစ်သေးဘူး၊ ဘာကြောင့်မအပ်ဖြစ်လဲဆိုတော့ လူတွေအားလုံးဆန်းစစ်ကြည့်မယ်၊ မင်းတို့က မင်းတို့သဘောနဲ့ မင်းတို့လာလုပ်တာလား၊ မင်းတို့ရောင်းစားခံရတာလား၊ တကယ်ရောင်းစားခံရတဲ့သူ ဆိုလို့ရှိရင် မင်းပြန်ချင်လား၊ မင်းအကြွေးကျေတာ၊ မကျေတာ ငါတို့လည်း နားမလည်ဘူး၊ မင်းတို့အရောင်းအဝယ်ဘယ်လိုလုပ်လဲ တို့လည်းနားမလည်ဘူး၊ ပြန်ချင်တယ်ဆိုလို့ရှိရင် လာရောက်စာရင်းသွင်းပြီးတော့ ပြန်အပ်နှံမဲ့ အခမ်းအနားတစ်ခု ကျင်းပဖို့ရှိပါတယ်"

လူကုန်ကူးခံရသူတွေကို DKBA က ထိုင်းနိုင်ငံဆီ အခုလိုလွှဲပြောင်းမယ့်ကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဘယ်လိုဆောင်ရွက်နေလဲဆိုတာ သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

DKBA အနေနဲ့ ကျောက်ခတ်ကျေးရွာက ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရသူတွေကို ထိုင်းနိုင်ငံဘက် လွှဲအပ်ဖို့ စီစဉ်တာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ DKBA က ပြန်ပို့မယ့်သူတွေထဲမှာ တရုတ်၊ ဖိလစ်ပိုင်၊ နီပေါ၊ ပါကစ္စတန်၊ အီသီယိုးပီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ကင်ညာနဲ့ ဘရာဇီး နိုင်ငံသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီနိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက် လွှဲပြောင်းဖို့ စီစဉ်နေတဲ့အကြောင်း နယ်စပ်မှာရှိတဲ့ သတင်းမီဒီယာတချို့ကို ဖိတ်ခေါ်ပြီး DKBA က ပြောခဲ့တာဖြစ်ပါတယ်။



လူကုန်ကူးခံရသူတွေကို အတင်းအကျပ် အလုပ်ခိုင်းစေတာအပြင် ချုပ်နှောင်ပြီး နှိပ်စက်တဲ့လုပ်ရပ်မျိုးကို DKBA အနေနဲ့ လက်မခံဘူးလို့ ဗိုလ်ချုပ်ကြီးစောဆန်းအောင်က ပြောပါတယ်။

"ငှက်လိုလှောင်ထားပြီးတော့၊ အပြင်ထွက်မရဘူး၊ အပြင်စျေးဝယ်သွားမရဘူး၊ လုပ်လို့ဝပြီး ပြန်ချင်လည်း ပြန်မရဘူးဆိုရင် အဲ့ဒါတွေကျတော့ ကျွန်တော်တို့လက်မခံဘူး၊ အဲ့ဒါတွေကျတော့ ဒီနေ့ကစပြီး ကျွန်တော်တို့ ရှင်းထုတ်ဖယ်ထုတ်မယ်၊ သူဌေးမင်းဒါတွေလက်ခံမလား၊ ဆိုလိုချင်တာက ဒီလူတွေကို မင်း လှောင်အိမ်ထဲက ငှက်လိုထားပြီးတော့ ညှဉ်းဆဲပြီးတော့ ခိုင်းစားမယ်ဆို ငါတို့လက်မခံဘူး၊ အဲ့ဒါဆို မင်းပြန်ရမယ်၊ ဒါပေမဲ့ မင်းပိုက်ဆံရှိရင် မင်းငှား လစာကောင်းကောင်းပေး၊ ဆက်လုပ်မယ်ဆိုလို့ရှိရင် သူ့မှာပြန်ပိုင်ခွင့်လည်းရှိမယ်၊ လာပိုင်ခွင့်လည်းရှိမယ်၊ သူလုပ်ပျော်မယ်ဆို ဆက်လုပ်ပိုင်ခွင့်ပေးရမယ်၊ ပြန်မယ်ဆို ပြန်ခွင့်ပေးရမယ်၊ မင်းအဲ့ဒါဆိုရင် ဒီအရပ်ဒေသမှာ ဆက်လုပ်စားလို့ရတယ်၊ မင်းစိတ်ကြိုက်လုပ်မယ်၊ မင်းငွေကြေးပေးပြီးတော့ ကျေးကျွန်လို သဘောထားမယ်ဆို ငါတို့ကမပေးလုပ်ဘူးဆိုတာကို ကျွန်တော်တို့ကပြောပြီးတော့ အဲ့လိုစည်းကမ်းချပြီးတော့ ရှင်းလင်းနေတယ်ပေါ့"

DKBA ထိန်းချုပ်နယ်မြေထဲက ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရသူတွေ ရှိနေသးရင် အချက်အလက်အလက်နဲ့ အကြောင်းကြားလာတဲ့အပေါ် ရှာဖွေပြီး ပြန်အပ်တာတွေ ဆက်လုပ်သွားမယ်လို့ DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝက ပြောပါတယ်။

"ကျားဖြန့်ကတော့ ကျွန်တော်ကတော့ ဘာမှမသိဘူးနော်၊ သိတာကတော့ လာငှားတယ်၊ စီးပွားရေးမယ်၊ ကျားဖြန့်လုပ်မယ်၊ လူရိုက်မယ်၊ လူဓားနဲ့ထိုးမယ်၊ အဲ့ဒီရွာသားနှိပ်စက်မယ် ဒါတွေ ကျွန်တော်က မသိဘူးလေ၊ နောက်ပိုင်းမှလည်း တဖြေးဖြေးကနေ ကျောက်ခက်မှ ကျောက်ခက်ဆိုတော့ ကျွန်တော်ကတော့ အဲဒီစာထုတ်လိုက်တယ်၊ ၂လပိုင်း ၄ ရက်နေ့ ၂၀၂၅ မှာ စာထုတ်လိုက်တယ်၊ ဖိတ်ခေါ်တယ်ပေါ့နော်၊ လာပြီးတော့ မေးကြည့် ၊ ကျွန်တော်လည်းပြောတယ်၊ အထောက်အထားနဲ့ယူလာ၊ ယူလာပြီးတော့ အဲ့ဒီဓာတ်ပုံရော၊ သူ့နိုင်ငံရော၊ Passportရော၊ ပြီးတော့ ရှာဖွေပေးမယ်၊ ရှာဖွေပြီးတော့ တွေ့လို့ရှိရင် ပြန်အပ်မယ်၊ တချို့ခေါင်းဆောင်တွေကတော့ မကောင်းတဲ့ဟာ အကုန်လုပ်တာ သူ့နိုင်ငံသူပြန်ရမှာပေါ့"

ဆက်နွှယ်သောသတင်းများ

ကျားဖြန့်လုပ်ငန်းတွေမှာ ခိုင်းစေခံရတဲ့ နိုင်ငံခြားသား ၆၀ ကျော်ကို ထိုင်းစစ်တပ်ထံ BGF လွှဲပြောင်း

ငွေလိမ်ဂိုဏ်းမှာ နှိပ်စက်ခံရတဲ့ ကင်ညာနိုင်ငံသား ထိုင်းနိုင်ငံကို ထွက်ပြေးလွတ်မြောက်

ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေလွတ်မြောက်ဖို့ တောင်းဆို



လက်ရှိ DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်၊ ဝေါလေ၊ ဘုရားသုံးဆူ နယ်မြေထဲက တရုတ်ငွေလိမ် လုပ်ငန်းတွေထဲမှာ မသမာတဲ့နည်းနဲ့ လူတွေကို ညှဉ်းပန်းနှိပ်စက်ခိုင်းစေတဲ့လုပ်ငန်းတွေမရှိအောင် ရှင်းလင်းသွားမယ်လို့ ဗိုလ်ချုပ်ကြီးစောဆန်းအောင်က ပြောပါတယ်။

"တကယ်တမ်းရှင်းမယ်ဆို ဘာအခက်အခဲမှမရှိဘူး၊ တကယ်တမ်း လုပ်ငန်းရှင်တွေရဲ့ မသမာတဲ့လုပ်ငန်းရှင်ကျတော့ သူတို့အတွက် ခက်ခဲမယ်ပေါ့၊ သမာတဲ့လူကျတော့ သူ့အတွက်အခက်အခဲမရှိဘူး၊ မသမာတဲ့ လူနည်းစုကို ကျွန်တော်တို့က ကာကွယ်မယ်ဆိုရင် သမာအာဇီဝကျကျလုပ်တဲ့ လုပ်ငန်းရှင်တွေအတွက်လည်း သွားထိခိုက်မယ်ပေါ့နော်၊ ဥပမာ သမာအာဇီဝကျကျ ပွင့်လင်းမြင်သာ လုပ်တယ်ဆိုလို့ရှိရင် လူသားတွေကို မင်းငှားတယ်ကွာ၊ မင်းကိုငါလစာပေးမယ်၊ လုပ်လို့ဝရင်မင်းပြန်၊ အဲလိုလူမျိုးတွေ၊ အဲလိုကာစီနိုတွေကျ ဆက်လုပ်ဖို့တော့ ကျွန်တော်တို့ ရည်ရွယ်ထားတယ်"

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်း ကာစီနိုလောင်းကစားရုံတွေနဲ့ စားသောက်ဆိုင်တွေမှာ လုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေ လာမဲ့ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ DKBA က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံကို လိမ်လည်ဖိတ်ခေါ်ခံရပြီး မြန်မာပြည်က ငွေလိမ်ဂိုဏ်းတစ်ခုကို လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင် ဝမ်ရှင်းကို ကယ်တင်ခဲ့ပြီးနောက် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းနဲ့တရုတ်အစိုးရတို့ ဖိအားပေးလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ငွေလိမ်လုပ်ငန်းတွေပေါများတယ်လို့ နာမည်ကြီး ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ ရွှေကုက္ကိုမြို့တို့မှာလည်း လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို အခုလိုဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေ ရှိလာတာပါ။

(မှတ်ချက်။ ။ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီးစောဆန်းအောင်နှင့် ဒုတိယစစ်ဦးစီချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ဖော်ပြထားပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။