ကျားဖြန့်လုပ်ငန်းတွေမှာ ခိုင်းစေခံရတဲ့ နိုင်ငံခြားသား ၆၀ ကျော်ကို ထိုင်းစစ်တပ်ထံ BGF လွှဲပြောင်း
2025.02.06

[Update: 4: 55 PM, Feb 6, 2025]
ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက နေရာငါးခုကို ဖေဖော်ဝါရီလ ၅ ရက် မနေ့က ထိုင်းအစိုးရက လျှပ်စစ်မီး ဖြတ်တောက်လိုက်ပြီးနောက် ဒီနေ့မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသား ၆၁ ယောက်ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်ပါတယ်။
မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားကတစ်ဆင့် ထိုင်းစစ်တပ်ဘက်ကို လွှဲပြောင်းပေးခဲ့တာလို့ ကရင် နယ်ခြားစောင့်တပ် (BGF)က ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးနိုင်မောင်ဇော်က RFA ကို ပြောပါတယ်။
“ဒီနေ့ နိုင်ငံခြားသား ၆၁ ယောက်ပေါ့နော်။ တရုတ်နိုင်ငံသားအပါ ၆၁ ယောက်ကို ချစ်ကြည်ရေးတံတား (၂) ပေါ်မှာ ထိုင်းစစ်တပ်ကို လွှဲပေးလိုက်တယ်။ အဲလိုပဲ အသုတ်လိုက် အသုတ်လိုက်တွေ ထပ်ပြီးတော့ လွှဲပြောင်းပေးဖို့ အစီအစဉ်တွေ အကုန်လုံးရှိတယ်။ ဘာလို့ဆို တစ်ခါတည်း အုံလိုက်ကျင်းလိုက် ပို့ဖို့က နည်းနည်းလေး အခက်အခဲ ရှိတယ်။ ဒီကျားဖြန့်လုပ်ငန်းကိုတော့ ကျွန်တော်တို့က အချိန်တစ်ခုမှာတော့ အလုံးစုံ ပပျောက်သွားအောင်တော့ ဆောင်ရွက်မှာပဲလေ။ အခုလည်း လုပ်နေပါတယ်"
လွှဲပြောင်းရေးအစီအစဉ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်ကတည်းက ဆောင်ရွက်ခဲ့ပေမဲ့ ဒီနေ့မှာမှ လွှဲပြောင်း နိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီနေ့လွှဲပြောင်းပေးခဲ့တဲ့ နိုင်ငံခြားသား ၆၁ ယောက်ရဲ့ အသေးစိတ် အချက်အလက်ကိုတော့ ပြောဆိုတာ မရှိပါဘူး။
"တရုတ်နိုင်ငံသားအပါ ၆၁ ယောက်ကို ချစ်ကြည်ရေးတံတား (၂) ပေါ်မှာ ထိုင်းစစ်တပ်ကို လွှဲပေးလိုက်တယ်"
ထိုင်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Reporters ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ဖော်ပြချက်အရ တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား တစ်ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါးဦးနဲ့ အိန္ဒိယနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၆၁ ဦးကို BGF က လွှဲပြောင်းဖို့စီစဉ်နေတာလို့ ပြောထားပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိတဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူက နေရာငါးခုကို ထိုင်းအစိုးရက မနေ့က စလို့ လျှပ်စစ်မီးဖြတ်တောက်ခဲ့တာပါ။ ဒါဟာ အရပ်သားတွေအပေါ်မှာပဲ ပိုပြီး ဆိုးကျိုးသက်ရောက်တယ်လို့ ကရင် နယ်ခြားစောင့်တပ် (BGF) က ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
အွန်လိုင်းငွေလိမ်ဂိုဏ်းသုံး ပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိ
မီးဖြတ်လိုက်လို့ တရားမဝင်လုပ်ငန်းတွေမှာပါဝင်တယ်လို့ စွပ်စွဲလို့မရတော့ဟု ထိုင်းပြော
ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်လို့ စစ်ခေါင်းဆောင် ပြော
ရှမ်းပြည်နယ်အရှေ့ တာချီလိတ်မြို့မှာတော့ မနေ့ကစပြီး မီးပြတ်သွားပေမဲ့ ညနေပိုင်းမှာပဲ လာအိုနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် လျှပ်စစ်မီးပြန်ရနေတယ်လို့ တာချီလိတ်မြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့မှာလည်း ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးကို အသုံးပြုခဲ့တဲ့ ဌာနဆိုင်ရာနဲ့ လုပ်ငန်းတချို့မှာ အခက်အခဲတွေ ကြုံနေရတယ်လို့ မြဝတီ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"မီးနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ မြဝတီက နှစ်နဲ့ချီသွားပြီလေဗျာ။ သိပ်ပြီးတော့ ခံစားချက်လည်း မရှိတော့ဘူး။ တစ်မြို့လုံးလည်း ဆိုလာတွေတပ်ပြီး နေကြတယ်။ ယိုးဒယား(ထိုင်း) မီးဖြတ်တယ်ဆိုတာက ဌာနဆိုင်ရာရုံးတွေရှိမယ်။ ပြီးတော့ တချို့အပိုင်းတွေမှာတော့ ယိုးဒယား(ထိုင်း) မီးယူထားကြတာ ရှိတာပေါ့။ ဂိမ်းရုံတွေတို့ ဘာတို့ပေါ့။ ဌာနဆိုင်ရာ ရုံးတွေမှာက ဒီယိုးဒယား (ထိုင်း) မီးယူထားတော့ ရုံးလုပ်ငန်းတွေမှာတော့ အခက်အခဲရှိတာပေါ့"
ထိုင်းနိုင်ငံဘက်က လောင်စာဆီတင်သွင်းမှုတွေကိုပါ ကန့်သတ်ထားတာကြောင့် မနေ့ကစလို့ စက်သုံးဆီဆိုင်တွေမှာ အကန့်သတ်နဲ့ ရောင်းချနေသလို မြို့ထဲမှာ လူအသွားအလာလည်း ရှင်းနေတယ်လို့ မြဝတီ မြို့ခံတွေက ပြောပါတယ်။
အခုလို လျှပ်စစ်မီးဖြတ်တောက်တာနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက နိုင်ငံခြားသားတွေကို လွှဲပြောင်းတာက ကျားဖြန့်နှိမ်နင်းရေး စီမံချက်ကြောင့်ဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းက ပြောပါတယ်။
"နှစ်သစ်ကူးအချိန်မှာပဲ တရုတ်ပြည်က ပြည်သူ့လုံခြုံရေးဒုဝန်ကြီးက ရောက်လာတယ်။ ထိုင်းနိုင်ငံကို ရောက်လာပြီးတဲ့အခါကျတော့ အခုချိန်အထိ မပြန်ရသေးဘူးပေါ့နော်။ မြန်မာပြည်နယ်စပ်တွေ သွားတယ်။ လိုက် ကြည့် တယ်။ ပြီးတဲ့အခါကျတော့ ဇင်ယော်စစ်ဆင်ရေး အဆင့်-၂ လုပ်မယ်လို့ ပြောတယ်ပေါ့နော်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ ညှိတယ်။ အဲဒီအနေအထားမှာ ဖိအားတွေကြောင့်သာပဲ ထိုင်းအစိုးရက အခုလို ဆုံးဖြတ်ရတာပေါ့။ တရုတ်လို အင်အားကြီးနိုင်ငံတစ်ခုက အကောင်အထည်ဖော်ချင်လာပြီဆိုရင် ဒါအောင်မြင်ဖို့များပါတယ်။ ဘယ်လို လုပ်မယ်၊ ဘယ်အချိန်ဖြစ်မယ်တော့ မပြောတတ်ဘူးပေါ့နော်"
မဲခေါင်ဒေသတွင်း ၆ နိုင်ငံက အွန်လိုင်းငွေလိမ်မှု (ကျားဖြန့်) လုပ်ငန်းတွေကို နှိမ်နင်းပြီး တရားဥပဒေ စိုးမိုးရေး ပူပေါင်းဆောင်ရွက်မဲ့ ဇင်ယော်စစ်ဆင်ရေး ဒုတိယပိုင်းကို ပြုလုပ်သွားမယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၂၁ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်က ကုလသမဂ္ဂက ထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုမှာတော့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အပါအဝင် အရှေ့တောင်အာရှက လိမ်လည်မှုလုပ်ငန်းတွေထဲကို လူသိန်းပေါင်းများစွာ ရောက်ရှိသွားနိုင်ပြီး ဒီလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် မြဝတီမြို့ခံတစ်ဦးနှင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)