ရေဘေးသင့်ပြည်သူ တစ်သိန်းနီးပါး အကူအညီ ကန့်သတ်ခံနေရ

RFA Burmese
2024.10.01
ရေဘေးသင့်ပြည်သူ တစ်သိန်းနီးပါး အကူအညီ ကန့်သတ်ခံနေရ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နဲ့ ကယားပြည်နယ်က ရေဘေးဒုက္ခသည် တစ်သိန်းနီးပါးဟာ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့တာတွေ ဒီနေ့အထိမရသလို အရပ်ဘက်အဖွဲ့တွေရဲ့ အကူအညီလည်း ကန့်သတ်ပိတ်ပင်ခံနေရတယ်လို့ ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်တောင်းမြစ်တစ်လျှောက် ရွာပေါင်း ၁၀၃ ရွာမှာနေတဲ့ လူဦးရေ ငါးသောင်းနီးပါး (၄၈,၄၅၃) ရေဘေးသင့်နေပြီး အကူအညီ လိုအပ်နေပါတယ်။

အင်းလေးကန်မှာလည်း စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက မိုးများပြီး တောင်ကျချောင်းရေကြောင့် အိမ်တွေ ရေမြုပ်နေပြီး ဒေသခံ နှစ်သောင်းကျော် အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့ဆီက ခွင့်ပြုချက်၊ သူတို့ရဲ့ ထောက်ခံစာမရရင် ဘယ်ကားမှ အဲဒီ မြို့တွင်းကို ဝင်လို့မရတဲ့ ပုံစံမျိုးလုပ်ထားတယ်"

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဖားဆောင်း၊ ဖရူဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေမှာလည်း ရေဘေးဒုက္ခသည်သုံးသောင်းကျော် အကူအညီတွေ လိုအပ်နေပေမဲ့ စစ်ကောင်စီတပ်က ကန့်သတ်ထားတာကြောင့် ဒီနေ့အထိ အကူအညီမရသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ ဒေသတွေကို ခြောက်လအတွင်း ပြန်လည်ထူထောင်ရေးလုပ်ပေးသွားမယ်လို့ ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ထိထိရောက်ရောက်ကူညီတာ မရှိသလို ကူညီတဲ့အရပ်ဘက်အဖွဲ့တွေကိုလည်း တားဆီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်ကို KNU က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo:  Facebook/ Karen National Union)
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်ကို KNU က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo: Facebook/ Karen National Union)

စစ်ကောင်စီတပ်က ရေဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာလှူခွင့်မပြုသလို အလှူပစ္စည်းတွေကိုပါ သိမ်းနေတယ်လို့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အကူအညီကတော့ မရောက်ဘူး။ ရေကတော့ နည်းနည်းပြန်လျော့သွားပြီ။ တစ်တောင်လောက်တော့ လျော့သွားတယ်။ အကူအညီတွေ မရောက်ဘူးဆိုတာက စစ်တပ်ဂိတ်တွေက သယ်ခွင့်မပေးဘူးလေ။ လှူမဲ့အလှူရှင်တွေဆို ကျွန်တော်တို့ကို ဆက်သွယ်တယ်။ ဆက်သွယ်တဲ့အခါကျတော့ ကျွန်တော်တို့က ပြောတယ်။ ဘယ်လိုမှမလုပ်ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကပိတ်တယ်။ လုံး၀လာမလှူရဘူး”

လက်ရှိအချိန်အထိ ရေသုံးပေကျော် ကျန်နေသေးပြီး ချက်ပြုတ်စားသောက်ဖို့အတွက် စားနပ်ရိက္ခာနဲ့ သောက်ရေသန့် လိုနေတယ်လို့ သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

အင်းလေး ရွာ ၁၇၀ ကျော် ရေကြီးမှု ရက်သတ္တသုံးပတ်ခန့်ရှိလာ

မန္တလေး၊ ရှမ်းနဲ့ ကယားက ဒေသတချို့မှာ ရေပြန်မကျသေး

KNU ထိန်းချုပ်နယ်မြေက ရေဘေးသင့်သူ လေးသိန်းနီးပါး အကူအညီလိုအပ်နေ


ဒါ့အပြင် ကျောက်ကြီးမြို့နယ်ထဲက ရေဘေးကူညီရေးအတွက် စားနပ်ရိက္ခာလှူဒါန်းတဲ့ လူမှုရေးအဖွဲ့အစည်းတွေကို စစ်ကောင်စီက တားမြစ်တာ၊ ခြိမ်းခြောက်တာတွေရှိတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်) က စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် အင်းလေးမှာလည်း ပုံမှန်ရေမျက်နှာပြင်ထက် ပေနှစ်ဆယ်ကျော် မြင့်တက်ခဲ့တာကြောင့် အိမ် နှစ်ထောင်နီးပါး ရေနစ်မြုပ်နေပြီး လူ နှစ်သောင်းလောက်ကို လာကူညီတဲ့သူတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုနေတယ်လို့ ဟဲယာရွာမ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဪ ခက်ခဲတာပေါ့ အများကြီး ခက်ခဲတယ်။ တချို့ဆိုရင် တစ်နေ့ရှာ တစ်နေ့စားသမားတွေဆိုရင် ပိုဆိုးပေါ့။ ကူညီပေးစေချင်တာပေါ့။ အင်းလေးထဲမှာ ပြန်လည်ထူထောင်ရေးအတွက်ဆို အများကြီးရှိနေတယ်”

ကယားပြည်နယ်မှာတော့ စစ်ကောင်စီတပ်က ကန့်သတ်ထားတဲ့အတွက်ကြောင့် ဒီနေ့အထိ အကူအညီတွေ မရသေးဘူးလို့ ပြောကြပါတယ်။

ရေကြီးနစ်မြုပ်နေသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကန္တရ၀တီတိုင်းမ်)
ရေကြီးနစ်မြုပ်နေသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကန္တရ၀တီတိုင်းမ်)

လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ပွန်းချောင်းနဲ့ နီးတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေဘေးကြောင့် ဒုက္ခသည်တွေရဲ့အိမ် သုံးရာကျော် ပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ရေးလိုအပ်နေတယ်လို့ အမည်မဖော် လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“အဓိက လောလောဆယ်အထိ ရေဘေးရှောင်က မိုးကာတွေ အဓိက တောင်းတယ်။ နေဖို့ထိုင်ဖို့ခင်းဖို့အတွက် မိုးကာတွေ အဓိက တောင်းတယ်။ ပထမ ဦးစားပေးပေါ့။ ဒုတိယကတော့ အခြေခံစားသောက်ကုန်တွေပေါ့။ ဆန်တို့၊ ကုန်ခြောက်၊ မာမီးခေါက်ဆွဲတို့၊ ဆီ၊ ဆားတို့ပေါ့နော်။ အဲဒါက ဒုတိယပေါ့နော်”

လွိုင်ကော်၊ ရှားတော၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းနဲ့ ကယား-ရှမ်းအစပ် ဖယ်ခုံ စတဲ့ မြို့နယ် ခုနစ်မြို့နယ်မှာ ရေဘေးကြုံနေရသူ နှစ်သောင်းကျော် (၂၁,၇၃၉) ရှိပြီး ရေကြီး၊ မြေပြိုမှုကြောင့် လူပေါင်း ၂၈ ဦး သေဆုံးတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြောထားပါတယ်။

ကယားပြည်နယ်က ရေဘေးကြုံနေရသူတွေကို ကူညီထောက်ပံ့ရေးသွားခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ခမရ- ၅၃၀ တပ်ရင်းက တားလို့ ပြန်လှည့်ခဲ့ရတယ်လို့ ရေဘေးကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကယားပြည်နယ်ကို ဝင်လာမဲ့ ကုန်ကားမှန်သမျှ ဆန် ရိက္ခာပါတယ်ဆိုတာနဲ့ အကုန်လုံး ဆွဲချတယ်။ သိမ်းဆည်းတယ်။ ဖြတ်လေးဖြတ် လုပ်ထားတဲ့ ကာလမျိုးပေါ့။ သူတို့ဆီက ခွင့်ပြုချက်၊ သူတို့ရဲ့ ထောက်ခံစာမရရင် ဘယ်ကားမှ အဲဒီ မြို့တွင်းကို ဝင်လို့မရတဲ့ ပုံစံမျိုးလုပ်ထားတယ်။ အလှူအတန်းတွေ လာလုပ်ကြမယ် လာကူကြမယ်ပေါ့နော်။ ကယားပြည်နယ်အတွက် လာကူကြမယ်ဆိုပြီး ကားတွေ ဝင်လာတယ်။ ဝင်လာတဲ့အချိန် ၅၃၀ ဂိတ်မှာ ဖမ်းပြီး စစ်တယ်။ စစ်ပြီးတော့မှ ပြန်လွှတ်လိုက်တာပေါ့နော်”

ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုမှာ သေဆုံးသူ ၄၃၃ ဦးနဲ့ ပျောက်နေတဲ့သူ ၇၉ ဦးရှိပြီး အဆောက်အအုံ ၅၆၀၄ လုံး ပျက်စီးသွားတယ်လို့ စက်တင်ဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

နေပြည်တော်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံတဲ့ အခမ်းအနားမှာ ငွေကျပ် ၃၂ ဘီလီယံကျော် ရရှိထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးစွဲသွားမယ်လို့ အာဏာသိမ်းဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာ ၂၁ ရက်စာရင်းအရ မြန်မာပြည်က ၆၅ မြို့နယ်မှာ လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။