နေပြည်တော်မှာ ရေဘေးကြောင့် သေဆုံးသူ ၄၂ ဦးအထိ ရှိလာ
2024.09.15
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာလ ၁၄ ရက်နေ့အထိ သေဆုံးသူ ၄၂ ဦးအထိရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မိုးကြီးတာကြောင့် ဆင်သေချောင်းနဲ့ ငလိုက်ချောင်း အပါအဝင် ပေါင်းလောင်းမြစ်အတွင်းကို တောင်ကျချောင်းရေတွေ ဝင်ရောက်ပြီး နေပြည်တော်ကောင်စီနယ်မြေက မြို့နယ် ရှစ်မြို့နယ်ရှိတဲ့အထဲက ငါးမြို့နယ်မှာ ထိခိုက်ပျက်စီးတာတွေ၊ လူသေဆုံးတာတွေ ဖြစ်ခဲ့တာပါ။
စက်တင်ဘာလ ၉ ရက်နေ့ တစ်ညအတွင်းမှာတင် မိုးရေချိန် ၁၁ လက်မအထိ စံချိန်တင် မိုးကြီးခဲ့တာကြောင့် တောင်ကျရေနဲ့ မြေပြိုမှုတွေကတစ်ဆင့် ရေကြီးတဲ့ အရှိန်ပြင်းခဲ့ပြီး တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်တွေကို ရေလွှမ်းခဲ့တာပါ။
တပ်ကုန်းမြို့နယ်မှာဆိုရင် စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၃ နာရီခွဲလောက်မှာ ရုတ်တရက် ရေတက်လာပြီး ရေစီးသန်တာကြောင့် ရှောင်တိမ်းချိန်မရတော့ဘဲ လူသေဆုံးရတဲ့အထိ ဖြစ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကင်းသာ လမ်းထိပ်မှာဆိုရင် လူတွေပါတယ်။ အသေအပျောက်တွေ များတယ်။ ရေက အလုံးအရင်းလာတက်တာ။ ဘယ်လိုမှ ရှောင်တိမ်းလို့မရဘူး။ ဆိုင်တွေပါ၊ အိမ်တွေပါ အကုန်ပါကုန်တယ်။ ကျွန်တော်သိသလောက်ဆိုရင် လူက အကုန်လုံး ၁၂ ယောက် ပါသွားတယ်။ ၁၂ လောင်း ပါသွားတာ တစ်လောင်းပဲ ပြန်တွေ့သေးတယ်။ ရေကတော့ ကျွန်တော့်ရွာမှာကို အနည်းဆုံး ၁၂ ပေ - ၁၅ ပေလောက် တက်သွားတာ။ အမေတို့တောင်မှ မကြုံခဲ့ဖူးဘူးတဲ့ အသက် ၈၅ နှစ်ရှိပြီ"
သေဆုံးသွားသူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ အများစုပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
တပ်ကုန်းမြို့ရဲ့ အရှေ့ဘက် ၁၄ မိုင်အကွာ တောင်ခြေအထိ ရေပြင်ကျယ်ကြီးဖြစ်သွားပြီး ခရိုင်ချင်းဆက်လမ်းနဲ့ ကျေးရွာချင်းဆက် လမ်းမအထက် ၁၀ ပေကနေ ၁၄ ပေခန့်အထိ မြင့်တက်ခဲ့သလို ရေစီးလည်းသန်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
တပ်ကုန်းမြို့နယ် ကင်းသာ ရေထိန်းတမံဟာလည်း တမံအလျား ပေ ၂၃၀ ခန့် ကျိုးပေါက်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပျဉ်းမနားမြို့နယ်မှာတော့ ဆင်သေချောင်းနဲ့ ပေါင်းလောင်းမြစ် ဆုံတဲ့နေရာက ရွာ ၁၅ ရွာလောက်ဟာ ရုတ်တရက် ရေကြီးနစ်မြုပ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး လူအသေအပျောက်လည်း များခဲ့တယ်လို့ ပျဉ်းမနားဒေသခံတစ်ဦးက ပြောပါတယ်။
"အန်တီတို့ မိတ်ဆွေတွေလည်း နှစ်ဦး သုံးဦး သတင်းကြားရတယ်။ မိသားစုတစ်စုကတော့ တစ်အိမ်လုံး ခုနစ်ယောက်ရှိတယ်။ အဲဒါတွေလည်း ရှာမတွေ့ဘူး။ ဆင်သေ၊ ကျွန်းဦး၊ ရေစက်ဘက်ပေါ့နော်။ နောက် စည်ပင်ကြီးတို့၊ ကျည်တောင်စုဘက်မှာလည်း သေဆုံးမှုတွေ ရှိတယ်ကြားတယ်။ များတော့များတယ်။ အတိအကျ မသိရသေးဘူး။ အလောင်းကိုရှာတာတော့ မတွေ့သေးဘူး။ နွံတွေနဲ့ဆိုတော့ အလောင်းတွေဘာတွေက မတွေ့သေးဘူးပေါ့"
တချို့နေရာတွေမှာ ရေပြန်ကျသွားပေမဲ့ ပေါင်းလောင်းမြစ်ဘေးက ဆင်သေ၊ နှမ်းတော၊ ဇီးဖြူပင် စတဲ့ ရွာတွေမှာတော့ ရေက လေးပေခန့်အထိ ကျန်နေသေးတယ်လို့ သူက ဆိုပါတယ်။
နေပြည်တော်ရေကြီးမှုမှာ လူ ၄၂ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ပြောထားပေမဲ့ ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူတွေလည်း ကျန်နေသေးတာကြောင်း သေဆုံးတဲ့အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးနေသူတွေက ပြောပါတယ်။
"အဓိကတော့ ကြိုတင်ပြင်ဆင်မှုနဲ့ ကြေညာချက် ဘာမှမရှိဘူးလို့ မြင်တယ်"
အခုကြုံရတဲ့ ရေဘေးမှာ အာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်မှုနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် ဒေသခံတွေ အထိနာခဲ့တယ်လို့ တပ်ကုန်းမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။
"အခုဟာက ဘယ်လိုမှ မျှော်မှန်းမထားဘဲ အလုံးအရင်းကြီးနဲ့ ရွာတွေအကုန်လုံးကို ၀င်ချသွားတာဆိုတော့ တော်တော်တော့ အထိနာကုန်တယ်။ အဓိကတော့ ကြိုတင်ပြင်ဆင်မှုနဲ့ ကြေညာချက် ဘာမှမရှိဘူးလို့ မြင်တယ်။ စက်လှေရမှ ချောင်းဖြတ်ပြီးတော့ သွားကူညီရမဲ့ ရွာတွေရှိတော့ ရေကြီးပြီး နှစ်ရက်လောက်နေမှ အဲဒီရွာတွေကို ရောက်တဲ့အတွက် တချို့အသက်ကြီးတဲ့သူတွေ၊ မခံနိုင်တဲ့သူတွေ ရေထဲမျောပါ သေဆုံးသွားတာတွေရှိတယ်။ အဓိကတော့ စက်အင်အား၊ လူအင်အား မလုံလောက်ခဲ့ဘူး"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
ဘားအံမှာ ရေကြီးရေလျှံမှု ဆိုးရွားစွာ ကြုံနေရ
တောင်ငူခရိုင်မှာ လူရှစ်သောင်းနီးပါး ရေဘေးလွတ်ရာ ရွှေ့ပြောင်း
နိုင်ငံတစ်ဝန်း ရေဘေးကြောင့် ၇၄ ဦး သေဆုံးကြောင်း စစ်ကောင်စီပြော
စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ အခုကြုံနေရတဲ့ သဘာ၀ဘေးကိုကျော်လွှားဖို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ကနေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ မနေ့ကပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ မနက်အစောပိုင်းကတည်းက ရေကြီးရေလျှံခဲ့ပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရေပြန်ကျချိန် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကွင်းဆင်းခဲ့သလို အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၄ ရက် မနေ့ကမှ ကျင်းပခဲ့တာပါ။
စစ်ကောင်စီကတော့ နေပြည်တော်က ရေဘေးသင့်သူ နှစ်သောင်းခွဲလောက်ကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ကယ်ဆယ်ရေးစခန်း ၈၂ ခုမှာ ပြောင်းရွှေ့ပေးထားပြီး ကူညီထောက်ပံ့ပေးနေတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ ရေကြီးမှုအတွင်း နေအိမ် ၃၃ လုံး ရေထဲမျောပါခဲ့ပြီး အဆောက်အအုံ လေးထောင်နီးပါး (၃၈၉၁ လုံး) ရေမြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်ကုန်းမြို့နယ်နဲ့ နယ်မြေချင်းတစ်ဆက်တည်းဖြစ်တဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်တွေနဲ့ တောင်ပေါ်ရွာတွေမှာ ရေကြီးပြီး မြေပြိုကျတာတွေကြောင့် လူငါးဆယ်ထက်မနည်း သေဆုံးပြီး နှစ်ရာခန့် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
နေပြည်တော်က ကျဆင်းသွားတဲ့ ရေတွေဟာ စစ်တောင်းမြစ်တစ်လျှောက် စီးဆင်းပြီး ပဲခူးတိုင်းအတွင်းက တောင်ငူမြို့အပါအဝင် စစ်တောင်းမြစ်ဘေးတစ်လျှောက် မြို့ရွာတွေမှာ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - ဒေသခံနှင့် ကူညီကယ်ဆယ်ရေးလုပ်နေသူများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)