ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုညံ့လို့ နိုင်ကျဉ်းတွေအတွက် စိုးရိမ်နေရ
2024.11.22

အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပိုဆိုးလာနေပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆုံးရှုံးရတာများလာတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆောင်ရွက်နေတဲ့အဖွဲ့တွေက ပြောပါတယ်။
ထောင်တွေမှာ ကောင်းကောင်းမွန်မွန် ဆေးကုမပေးလို့ သေဆုံးရတဲ့သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ပါလာပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အသက်အရွယ်ကြီးနေကြပြီဖြစ်တဲ့သူတွေအတွက် ပိုပြီးစိုးရိမ်နေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက RFA ကို ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံး ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရကြပါဘူး။ ကျွန်တော်တို့ ပါတီဝင် လူကြီးတွေက အသက်အရွယ်အရ ခုနစ်ဆယ်ကျော်တွေဖြစ်နေပြီဆိုတော့ ကျန်းမာရေး ကျဆင်းနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပိုပြီးတော့ ထိခိုက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို ပိုပြီးစိုးရိမ်ပါတယ်"
အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံရပြီး ကွယ်လွန်ရတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ဦးဉာဏ်ဝင်း၊ မုံရွာအောင်ရှင် နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ ဖြစ်ပါတယ်။ NLD အစိုးရအဖွဲ့ဝင်ထဲကဆိုရင်လည်း လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်၊ ပဲခူးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ တို့ ကွယ်လွန်သွားပါတယ်။
လက်ရှိမှာလည်း NLD အစိုးရလက်ထက်က ဗဟိုဘဏ် ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ် နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ထောင်တွေမှာ ကျန်းမာရေးမကောင်းတဲ့သူတွေ ရှိနေပါတယ်။
ဆက်နွှယ်သောသတင်းများ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီးနိုင်ကျဉ်းတွေ အသက်အန္တရာယ်စိုးရိမ်ရ
ဆယ်လအတွင်း စစ်ကြောရေးနဲ့ ထောင်တွေမှာ နိုင်ကျဉ်း ငါးဆယ်သေဆုံး
နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း ကျန်းမာရေးဆိုးရွားလာပြီးနောက် ဆေးရုံမှာ သေဆုံး
ဒီလုပ်ရပ်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသားဖြစ်လို့ ပြင်ပကို ထွက်တဲ့အခါမှာ လုံခြုံရေးအားဖြင့် အင်မတန်စိုးရိမ်ရတယ်လို့ ယူဆတယ်ဆိုတဲ့သူတွေ၊ ဂုဏ်သိက္ခာကြီးတဲ့သူတွေ၊ တော်လှန်ရေးအင်အားစုက ဦးဆောင်သူလို့ ယူဆထားတဲ့သူတွေ နေမကောင်းဖြစ်တယ်ဆိုရင် ပိုပြီးစိစစ်မှုတွေ၊ ကန့်သတ်မှုတွေ၊ ပြင်ပကို ကုသခွင့်ရရှိဖို့ အချိန်တွေ အနည်းဆုံး သုံးလကနေ ကိုးလလောက်အထိ စောင့်ရတာမျိုးတွေရှိပါတယ်။ ဒီလို စောင့်ဆိုင်းနေချိန်အတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ကွယ်လွန်သွားကြတာမျိုးတွေ ရှိပါတယ်။ ဒါတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိကိုမှ တစ်ဖက်လှည့်နဲ့ သတ်ဖြတ်နေခြင်း ဖြစ်နေတယ်လို့ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့တော့ ပြောချင်ပါတယ်"
ထောင်တွင်းဆေးရုံတွေမှာ ကုပေးနိုင်တဲ့အရေအတွက် အကန့်အသတ်ရှိသလို၊ အဲဒီလို ဆေးရုံမှာ ကုသနိုင်ဖို့ ထောင်အာဏာပိုင်တွေကို ငွေပေးရတာမျိုးတွေလည်းရှိပါတယ်။ ဒါကြောင့် ဆေးမကုလိုက်ရဘဲ သေဆုံးသွားတဲ့အကျဉ်းသားတွေလည်း ရှိနေတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"လုံခြုံရေးအားဖြင့် အင်မတန်စိုးရိမ်ရတယ်လို့ ယူဆတယ်ဆိုတဲ့သူတွေ၊ ဂုဏ်သိက္ခာကြီးတဲ့သူတွေ၊ တော်လှန်ရေးအင်အားစုက ဦးဆောင်သူလို့ ယူဆထားတဲ့သူတွေ နေမကောင်းဖြစ်တယ်ဆိုရင် ပိုပြီးစိစစ်မှုတွေ၊ ကန့်သတ်မှုတွေ၊ ပြင်ပကို ကုသခွင့်ရရှိဖို့ အချိန်တွေ အနည်းဆုံး သုံးလကနေ ကိုးလလောက်အထိ စောင့်ရတာမျိုးတွေရှိပါတယ်"
၂၀၂၂ ခုနှစ် နောက်ပိုင်းကစပြီး နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေပေးတဲ့ ဆေးဝါးနဲ့ ပတ်သက်လို့ ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်လာသလို ဆေးကုမပေးတာမျိုးတွေ အဖြစ်များလာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဆိုပါတယ်။
ထောင်ထဲမှာ သက်တမ်းလွန်နေတဲ့ ဆေးတွေကိုပါ သောက်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်မကိုယ်တိုင် Expired Date (သက်တမ်းလွန်တဲ့) ဆေးတွေ၊ သွေးကျဆေးတွေပေါ့။ Expired Date (သက်တမ်းလွန်) ဖြစ်တဲ့ ဆေးတွေရခဲ့တာပေါ့။ ရလို့ ကျွန်မ ပြဿနာဖြစ်ခဲ့ပါတယ်။ မသောက်နိုင်တဲ့အကြောင်း ထောင်မှူးအဆင့်ဆင့်ကို သတင်းပို့တော့ နောက်ပိုင်းမှာ ဆေးကို ကတ်နဲ့ မပေးဘဲနဲ့ အလုံးဖောက်ပြီး အိတ်ထဲထည့်ပေးတယ်ပေါ့နော်။ များသောအားဖြင့်က ဘာဖြစ်ဖြစ် အကိုက်အခဲပျောက်ဆေးတစ်မျိုးပဲ ထောင်တိုင်းမှာတော့ တွေ့နေရတာပေါ့။ ၂၀၂၂ နောက်ပိုင်းကျတော့ လိမ်းဆေးပေးတာတောင် နှစ်ယောက်တစ်ဘူးနှုန်းနဲ့ ခွဲပြီး ပေးတာမျိုးတွေ ရှိခဲ့ပါတယ်"
နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အခုလိုဖြစ်နေတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိဖြစ်နေတဲ့ အခြေအနေဟာ ဥပဒေနဲ့မဆိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
"အခု ဖြစ်နေတဲ့ အခြေအနေသည် ဥပဒေနဲ့လည်း မဆိုင်ဘူး။ ဆေးဝါးမလုံလောက်တာနဲ့လည်း မဆိုင်ဘူး။ သက်ဆိုင်ရာ အကျဉ်းထောင်တာဝန်ခံ အရာရှိတွေ၊ ထောင်အာဏာပိုင်တွေရဲ့ စိတ်စေတနာ နည်းပါးမှုပေါ့။ တာဝန်မသိတဲ့ကိစ္စ။ နောက်တစ်ခါ ဥပဒေ နည်းဥပဒေ ညွှန်ကြားချက်တွေကို နားမလည်တဲ့ ကိစ္စလို့ ဆရာတို့က ဒီအတိုင်းပဲ မြင်ပါတယ်"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ အသက် ၆၅ နှစ်အထက် နိုင်ငံရေးအကျဉ်းသား ၁၉၃ ဦး လက်ရှိအချိန်အထိ ရှိနေပါတယ်။ အဲဒီအထဲမှာ NLD ပါတီဝင် ၃၈ ဦး ပါဝင်ပါတယ်။
အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားက ၁၀၃ ဦးရှိပြီး၊ အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် AAPP ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ စာရင်းအရ လက်ရှိ တစ်နိုင်ငံလုံးမှာ နိုင်ငံရေး အကျဉ်းသား ၂၁,၁၂၂ ဦး ရှိတယ်လို့ သိရပါတယ်။