အကျဉ်းချခံထားရတဲ့ NLD လျှပ်စစ်ဝန်ကြီး ကွယ်လွန်

RFA Burmese
2024.11.09
အကျဉ်းချခံထားရတဲ့ NLD လျှပ်စစ်ဝန်ကြီး ကွယ်လွန် ရန်ကုန်တိုင်း၊ တွံတေးမြို့မှာ ဓာတ်အားခွဲရုံဖွင့်ပွဲ ကျင်းပနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်အား ၂၀၂၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
MOI Photo

အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ ထောင် ၂၈ နှစ်ချမှတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ နိုဝင်ဘာလ ၈ ရက် မနေ့ ညက ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်သူတွေနဲ့ မန္တလေးမြို့ခံတွေက RFA ကို အတည်ပြုပြောပါတယ်။

ဦးဝင်းခိုင်ဟာ အိုးဘိုအကျဉ်းထောင်ထဲမှာ ကျန်းမာရေးဆိုးရွားလာချိန် ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရတာပါ။

"ဆရာ ဦးဝင်းခိုင် ဆုံးရှုံးမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အားလုံးရဲ့ ဆုံးရှုံးမှု၊ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပါပဲဗျ”

ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်တဲ့အကြောင်း နိုဝင်ဘာလ ၉ ရက် ဒီနေ့မနက်မှာ သိရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒေါက်တာ ဇော်မြင့်မောင်လိုပဲပေါ့နော်။ သူ့ကို အဲဒီ လွတ်ငြိမ်းချမ်းသာခွင့် ဘာညာဆိုတဲ့ သေမယ့်သူဆိုတာတော့ သူတို့သိလို့ ဒါတွေက လုပ်ပေးတာပေါ့။ အစ်ကိုတို့ မန္တလေးက တော်တော်များများ သိတာတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက သူ့ကို လွှတ်ပေးထားတာတော့သိတယ်။ အဲဒီ ဆေးရုံရောက်နေတာ။ အခုတော့ ဆုံးပြီးလို့တော့ သိရပြီပေါ့နော်”

ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်ပြီး ဆီးချိုနဲ့ နှလုံးရောဂါကြောင့်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

အကျဥ်းကျနေတဲ့ မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရ

ဆိုးရွားလာတဲ့ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု

ဒေါက်တာဇော်မြင့်မောင်ဈာပန လူထောင်နဲ့ချီ လိုက်ပါပို့ဆောင်


ဝန်ကြီး ဦးဝင်းခိုင်ရဲ့ ဈာပနနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဦးဝင်းခိုင်ဟာ လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ ကွယ်လွန်သွားတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် နိုဝင်ဘာ ၈ ရက်နေ့ ညဘက်မှာ ကွယ်လွန်အနိစ္စရောက်သွားတယ်လို့ ကျွန်တော်တို့ လည်း ဒီလိုပဲ ကြားသိရပါတယ်ဗျ။ အဲဒီတော့ ဒီလိုမျိုး မတရားဖမ်းဆီး ထောင်ချထားပြီးတော့ လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေမရဘဲနဲ့ အခုလို ကွယ်လွန်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလို ကိစ္စတွေဟာ မတရားဖမ်းဆီး ထောင်ချထားတာပေါ့နော်။ စစ်အုပ်စုမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်”

ဦးဝင်းခိုင်ကို စစ်ကောင်စီက အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ရေသွယ်ဥမင်ဖောက်လုပ်တဲ့လုပ်ငန်းမှာ လုပ်ငန်းသက်တမ်းတိုးပေးတာ၊ ထားဝယ်ဒေသ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှာ ဝန်ကြီးဌာနဘက်က ကြိုတင်ငွေစိုက်ထုတ်ပေးခဲ့မှုနဲ့ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအတွက် ကျောက်မီးသွေးဝယ်ယူမှုမှာ နိုင်ငံတော်သမ္မရုံးရဲ့ ညွှန်ကြားချက်တွေ လိုက်နာမှုမရှိလို့ဆိုပြီး စစ်ကောင်စီက အဂတိပုဒ်မတွေနဲ့ ထောင်ချခဲ့တာဖြစ်ပါတယ်။

မန္တလေးဆေးရုံကြီးမှာ ကျန်းမာရေးဆိုးရွားလာပြီး သတိလစ်မေ့မျောနေချိန် အောက်တိုဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာ သေဆုံးခါနီး ဝန်ကြီးတွေကို လွတ်ငြိမ်းခွင့်ပြုတာဟာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“လွတ်ငြိမ်းသက်သာခွင့်တွေ ပေးလိုက်ခြင်းအားဖြင့် ဒါဟာ အကျဉ်းထောင်ထဲမှာဆုံးတာ မဟုတ်ဘူး။ အပြင်မှာ ဆုံးသွားတာဆိုတဲ့အမြင်ကို အကျဉ်းဦးစီးအနေနဲ့ကိုမှ စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေ အတိုင်းပေါ့နော်။ ရည်ရွယ်ချက်ရှိရှိကိုမှ လုပ်ဆောင်နေတာဖြစ်ပါတယ်”

အိုးဘိုထောင်မှာ အကျဉ်းကျခံနေရတဲ့ NLD အစိုးရလက်ထက်က ဝန်ကြီးတွေကို ချက်ချင်းဆေးကုမှု မပေးတာကြောင့် အသက်သေဆုံးမှုနဲ့ ကြုံနေရတာလို့ ဝန်ကြီးတွေနဲ့အတူ အကျဉ်းထောင်ထဲနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။

“စာတင်တာ နောက်ကျတာမျိုးသော် လည်းကောင်း၊ ဒါမှမဟုတ်ရင် ရည်ရွယ်ချက်ရှိရှိကို ဆိုင်းငံ့ထားတဲ့ ပုံစံမျိုးသော် လည်းကောင်းပေါ့။ ဒါတွေကတော့ အဓိက ဒီဝန်ကြီးတွေ အသက်ဆုံးရှုံးရတာတွေနဲ့ ပတ်သက်ပြီးတော့မှ အဓိက သက်ဆိုင်တဲ့ အကြောင်းအရင်းလို့ ကျွန်တော်က မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဇော် ဖြစ်ခဲ့တုန်းက ပထမဆုံးဖြစ်တဲ့ Process မှာတုန်းကဆိုရင် ကျွန်တော် ကောင်းကောင်းကြီး သတိထားမိလိုက်တာ ရှိတယ်ပေါ့လေ။ ကုသခွင့်ပေးရမဲ့ ကိစ္စတွေဘာတွေက ညွှန်ကြားရေးမှူးချုပ် ရုံးချုပ်ကနေမှ ဒီဟာကို သိသိနဲ့ Delay (ကြန့်ကြာအောင်) လုပ်ထားတဲ့ဟာမျိုးတွေ ကျွန်တော်တို့ တွေ့ရတာမျိုးရှိတယ်”

နောက်ထပ်အကျဉ်းကျခံနေရတဲ့ ဝန်ကြီးတွေအတွက် ဒီလိုအခြေအနေဖြစ်လာမှာ စိုးရိမ်တယ်လို့ သူကပြောပါတယ်။

ရန်ကုန်တိုင်း၊ တွံတေးမြို့မှာ ဓာတ်အားခွဲရုံဖွင့်ပွဲ ကျင်းပနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် (အင်္ကျီအဖြူ ဝတ်ဆင်ထားသူ) အား ၂၀၂၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ရန်ကုန်တိုင်း၊ တွံတေးမြို့မှာ ဓာတ်အားခွဲရုံဖွင့်ပွဲ ကျင်းပနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် (အင်္ကျီအဖြူ ဝတ်ဆင်ထားသူ) အား ၂၀၂၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦဘိုဘိုဦးကတော့ ဦးဝင်းခိုင် ကွယ်လွန်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ဆရာ ဦးဝင်းခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနဲ့ လက်တွဲပြီးတော့ သူဟာ အကောင်းဆုံးဖြစ်အောင်ပေါ့နော်။ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာနဲ့ မူဝါဒပိုင်းဆိုင်ရာရော ချိန်ညှိမှုတွေမှာ သူပါဝင်ခဲ့ပါတယ်။ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဆရာ ဦးဝင်းခိုင် ဆုံးရှုံးမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အားလုံးရဲ့ ဆုံးရှုံးမှု၊ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပါပဲဗျ”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ပါတယ်။ သူ မကွယ်လွန်ခင် နာရီပိုင်းအလိုမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။